As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Thursday, October 8, 2009

ယမ်းဘီလူး

ယမ်းဘီလူး

မင်းခိုက်စိုးစန်

(၁)
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ , ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားရပလားဆိုရင်...

(၂)
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၃)
ငှက်တွေတောင်
နံနက်ခင်းကို မှတ်မိနေကြပေါ့...။
ဂန္တ၀င်မြောက်ပါသကွဲ့
...သံတိုမယ်န နည်းနည်း
...ရေခဲတုံး နည်းနည်း
...ပြီးတော့ ရောင်စုံခဲတံတွေ
ငါတို့ခေါင်းထဲ ထိုးထည့်နေတာ...
စိတ်ညစ်နေလား ကလေးရေ...
ကိုယ်ဆွဲတဲ့ ပန်းချီကား
ကိုယ်ပဲ လက်မှတ်ရေးထိုးရမှာ...
ပန်းချီကားဘက်ကတောင် 'နာ'တယ်။
(ဒါ့ထက် သိမ်ငယ်စရာ)
ဘာဆိုဘာမှ မရှိတော့ပါဘူး)
ဟောဒီအရူးက
နံနက်ခင်းကို စုဘူးထဲထည့်ထားပြီး
အ၀ကျဉ်းကျဉ်းကလေးကနေ ချောင်းချောင်းကြည့်
ဘယ်တော့မှ မမှတ်မိနိုင်ပုံလေ...။
ဂန္တ၀င်မြောက်ပါသကွဲ့
ငါ့ရဲ့ စုဘူးထဲက နံနက်ခင်း
ငါ့ ပန်းချီကားထဲမှာ အလိုလို လင်းပနေလိုက်ပုံ!!!
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ,ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...

(၄)
'သူမ'နဲ့ 'သ'ူနဲ့
နှစ်ယောက်ချင်း ဆံပင်တွေကို ချည်နှောင်ကြ
ကိုယ့်ရင်ဘတ်ကိုယ်...ကြိုးတပ်လို့
ကိုယ့်ဘာသာကိုယ် တယောထိုးပစ်
စကားလုံးအသစ်တွေ ဖောဖောသီသီသုံးပြီး
တို့ နားမလည်တဲ့ အရာတွေအားလုံးကို
အဲဒီ အမှိုက်ပုံးထဲ တွန်းချဘို့ ကြိုးစား...
ကလေးရေ...
ဒါ...မရိုးသားမှုပါကွဲ့
အဲဒါကို... ချစ်ကြ! ချစ်ကြ! ချစ်ကြ!
ကိုယ့် ပွဲကြည့်စင် ကိုယ်ဆောက်ပြီး
'အထူးတန်းမှာထိုင်သူ'လို့ နာမည်တပ်
မြင့်မြတ်စွာ အောက်တန်းကျနေလိုက်ပုံများ
ရေစုပ်ဝဲကြီးများတောင် ဖြစ်လို့!!!
ကလေးရေ...
ရေဆန်ကို ဖြောင့်ဖြောင့်ကူးနေလို့ကတော့
မင်း...အဲဒီ ဝဲက
လွတ်မှ လွတ်ပါ့မလားကွယ်...။
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၅)
လက်ဖက်ရည်ခွက်ထဲ
ကျပြီးသေနေတဲ့ ယင်ကောင်ဟာ...ငါပါပဲ
၂၆ နှစ်လုံးလုံး ညစ်ပတ်
ပန်းကန်ထဲမှာတောင်
ရောဂါပိုးမွှားတွေ ကပ်ညိကျန်နေခဲ့လောက်တဲ့
(ဆေးရုံတစ်ရုံလောက် များမှာပ
...ကုသဗေဒ များသလောက်
...ရောဂါပိုးမွှား များပုံတွေ)
ငါ...၊ ငါ့ မဟာမိတ်...၊ ငါ့ ရန်သူ...
အားလုံး... နာတာရှည် ရောဂါသည်ချင်း အတူတူပါပဲ။
ငါတို့တွေ...ကိုယ့်ကိုကိုယ် မှတ်မိကြပြီလေ!
(ငှက်တွေ...နံနက်ခင်းကို
ရင်းရင်းနှီးနှီး မှတ်မိပုံမျိုး?)
ငါတို့ မသိတာတွေ... များ
ပြီးတော့ ... သိသွားမှာပ။
သိအောင် ဘ၀ကို စာမေးပွဲစစ်ကြ။
ပြီးတော့...
ရလာသမျှ အမှတ်စာရင်းတွေကို
ခြေစုံပစ်ပြီး ယုံလိုက်!!!
ဒါပဲ။ ဒါဟာ ယေဘုယျပဲ။
လိမ်လိုက်ကြ!
စိတ်ညစ်နေမလား... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၆)
မနေ့ကတင် ချုံးချုံးကျသွားခဲ့...
...မော်တော်ကားတစ်စင်းမှာ
ငါ့ ဖောင်းလိုက်ပိန်လိုက် အဆုတ်ကြီးကို တပ်ဆင်
... မောင်းနှင်ပစ်လိုက်တာ ... ... ...။
ပျက်နေတာများ ကောင်းသွားမလားဆိုရင်
ငါတို့ရဲ့ စိတ်ဓာတ်တွေ...
ဟောဗားယာဉ်လို ပျံသန်းသွားတတ်လိုက်ကြတာ...
မုတ်သုန်လေထက်တောင်မှ
ပေါ့ပါးနေသေးရဲ့။
ဒီလိုပဲ...
ပျံသန်းလိုက်၊ နားနေလိုက်နဲ့
ဆောင့်ကြီး အောင့်ကြီး ဖွာလိုက်တဲ့ ဆေးလိပ်လို
... တိုဝင်သွား!
အင်းပေါ့လေ...
ငါတို့ရဲ့ စိတ်တွေ မီးဖွားရဲရဲ
အစီခံ ဘယ်တော့ရောက်မလဲ???
... သတ္တိရှိရှိ ကြောက်လန့်နေ...
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ, ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...
အား!!!
ကွယ်လွန်သူတို့ရေ...
ငါတို့ရဲ့ ဆံပင်တွေနဲ့
လွမ်းသူ့ပန်းခွေတစ်ခွေ ယက်ပို့လိုက်ပါရဲ့...
ကော့ပါးနီးကပ်(စ်)ကတော့
ကမ္ဘာကို တစ်ပါတ်ပြီးတစ်ပါတ် လည်စေခဲ့ပြီ...
ဟောဒီ ငတိတွေမှာသာ
အ၀ါရောင် ချွဲပျစ်ပျစ်နဲ့
နေမကောင်းဖြစ်လို့ ကျန်ခဲ့တုန်း...
ခက်တယ်... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(ရ)
တေ့ဆက် ဆက်ထားတဲ့ အဟောင်းအနွင်းတွေကြားမှာ
လှေခါးတစ်ခုလို ငါငြီးငွေ့နေခဲ့။
... ... ...
ငါတို့ ဘာတွေကို ယူလာခဲ့သလဲ???
ငါတို့ ဘာတွေကို ထားခဲ့မှာလဲ???
တို့ မသိဘူး။
ပြန်သတိရမိ။
ငယ်ငယ်တုန်းက ကြုံးဝါးခဲ့ဘူးတာ...
"ကမ္ဘာလုံးကို အံစာတုံးလို ခေါက်ပြလိုက်မယ်!
မီးတောက်ကို ဘယ်သူ ဇောက်ထိုးထားလို့ ရမှာလ!!!"
ဒါနဲ့ပဲ...
ကုန်သည်လေထဲ
ငှက်တွေ ရင်ကော့ တိုးဝင်နေပုံ...
ငါ...
ယုံယုံကြည်ကြည်ကြီး ငေးကြည့်နေဖြစ်ပြန်ရော...

(၈)
ကလေးရေ...
ချိန်ခွင် တစ်ဖက်တစ်ချက်ဆီမှာ
မင်းနဲ့ငါ... ၀င်ထိုင်ကြမယ်
ပြီးတော့... မင်းနဲ့ငါ ခွဲခွါကြမယ်
ပြီးတော့... နောက် ဆယ်နှစ်ကြာတဲ့အခါ
မင်းနဲ့ငါ ပြန်ဆုံကြမယ်လေ...
ပြီးတော့... လိုအပ်ပစ်လိုက်ကြမယ်!!!
ကွန်ပါဘူး အသစ်ကျပ်ချွတ်လို သပ်ယပ်မှုမျိုးနဲ့
ငါတို့ဟာ (အဲဒီအခါ)
ကမ္ဘာကြီးတစ်ခုလုံးကို လိုအပ်ပစ်လိုက်ကြတာပေါ့!!!
ယုံတယ်မဟုတ်လား
တစ်ခြားလူ မဟုတ်ပါဘူး
ငါပါ... ငါပါ... ငါပါကွဲ့...
နတ်ရေကန်ထဲ ပစ်ချခံခဲ့ရတာ မဟုတ်ပါဘူး
ခြေစစ်ပွဲမှာတောင်
ပယ်နယ်တီ ဆယ်ခါ ကန်ခဲ့ရတဲ့ ကောင်ပါကွဲ့...။
ဟေ့ ... လာ!!!
မျက်လုံးနဲ့ မေးရိုးတွေမှာ
သေချာမှုတစ်ခုရဲ့ မာနနဲ့ မီးလျှံတွေ တောက်ပ
ဒဿမ ရှာမရတော့အထိ
ငါတို့ ချွန်...မြ...ပစ်...လိုက်...ကြ...ရ...အောင်!!!

(၉)
စကြာဝဠာကြီးထဲမှာ...
'လူ'လာဖြစ်ကြတဲ့
(ကောင်လေးနဲ့ ကောင်မလေး)
အဲဒီ သေးသေးကွေးကွေးလေး နှစ်ယောက်ဟာ...
ဘာဆို ဘာကိုမှ မကြောက်တတ်ကြပါဘူး။
... ... ...
ကလေးရေ...
ကျောက်တောင်ကြီးတွေကိုတောင်မှ
ဖြိုချပစ်လိုက်နိုင်တဲ့
အဲဒီ 'ဒိုင်းနမိုက်'ဆိုတာလဲ
အထုပ်သေးသေးလေးတွေပဲ မဟုတ်လားကွယ်။

မင်းခိုက်စိုးစန်

အောင်မြင်သူရဲ့လမ်း

အောင်မြင်သူရဲ့လမ်း


အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ကမ္ဘာကျော်လူအယောက်(၁ဝဝ)ကို ပညာရှင်တချို့က လေ့လာဆန်းစစ်ကြည့်ရာမှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကို တွေ့ခဲ့တယ်။ အဲဒီဖြစ်စဉ်မှာ သူတို့ရဲ့အောင်မြင်မှု အတွေ့အကြုံက သာမန်အောင်မြင်မှုနည်းလမ်းတွေလို မဟုတ်တဲ့အပြင် အသက်အရွယ်၊ အချိန်တွေကလည်း သူတို့ကို ကန့်သတ်မထားနိုင်ခဲ့ကြဘူး။

အဲဒီပညာရှင်တွေထဲမှာ Mozart၊ Chopin၊ Edison၊ Austen၊ Ford၊ Churchill နဲ့ Eubie Blakeတို့ ပါဝင်ကြတယ်။

(၃)နှစ်အရွယ်မှာ Mozartဟာ စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ်တဲ့အပြင် တစ်ခါသာနားထောင်ဖူးတဲ့ တေးသီချင်းကို မှတ်မိနိုင်စွမ်းရှိခဲ့တယ်။

(၇)နှစ်အရွယ်မှာ Chopinဟာ G Minor Polonez အကတေးဂီတကို ဖန်တီးနိုင်ခဲ့တယ်။

Edisonဟာ (၁ဝ)နှစ်အရွယ်မှာ ဖခင်ရဲ့မြေအောက်ခန်းမှာ စမ်းသပ်ခန်းတစ်ခုပြုလုပ်ပြီး ကမ္ဘာ့အကြီးမားဆုံး ထီထွင်မှုကို ပြုလုပ်ခဲ့တယ်။

Jane Austen
ဟာ (၂၁)နှစ်အရွယ်မှာ ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ “Pride and Prejudice” ကို ထုတ်ဝေနိုင်ခဲ့တယ်။

(၅ဝ)နှစ်အရွယ်မှာ Fordက “Assembly line”ကို အသုံးပြုပြီး ကားပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့ပြီး ကားတွေကို အဖိုးချိုသာစွာ ရောင်းချနိုင်ခဲ့လို့ လူတန်းစားပေါင်းများစွာ ကားတွေကို ဝယ်ယူနိုင်ခဲ့တယ်။

Churchillဟာ (၈၁)နှစ်အရွယ်မှာ ရာထူးမှနှုတ်ထွက်ပြီး ပန်းချီပညာကို စတင်ဆည်းပူးခဲ့တယ်။ နောက်ဆုံးမှာ အောင်မြင်စွာနဲ့ ကိုယ်ပိုင်ပန်းချီကားတွေကို ခင်းကျင်းပြသနိုင်ခဲ့တယ်။

အသက်(၁ဝဝ)နီးနီး နေထိုင်ခဲ့တဲ့ စန္ဒရားပညာရှင်၊ တေးရေးဆရာ Eubie Blakeက တစ်ကိုယ်တော် ဂီတဖျော်ဖြေရေးပွဲကို ကျင်းပခဲ့တယ်။ မကွယ်လွန်ခင် (၅)ရက်အလိုမှာ Eubie Blakeက “ဒီလောက်အသက်အရွယ်ထိ ကျွန်တော်အသက်ရှင်ခဲ့မယ်လို့ အစကကြိုသိခဲ့ရင် ဒီ့ထက်ကျွန်တော် ပိုကြိုးစားမိမှာပါ” လို့ ပြောခဲ့တယ်။

လူအများက ငယ်ရွယ်နုပျိုချိန်မှာ စိတ်ဓာတ်ခွန်အားတက်ကြွပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီ အားကြိုးမာန်တက် ချီတက်ခဲ့ကြတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခွန်အားတွေ ယုတ်လျော့လာတဲ့အချိန်၊ စိတ်အလို မလိုက်နိုင်တဲ့အချိန်၊ လက်လျှော့ပြီး အတည်တကျနေနိုင်မယ့်လမ်းကိုပဲ ရွေးခဲ့ကြတယ်။ တကယ်တမ်းတော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ အသက်အရွယ်၊ အချိန်ရာသီတွေနဲ့ ကန့်သတ်မထားခဲ့ပါဘူး။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုပန်းတိုင်ဆီအရောက် ချီတက်နိုင်ကြပါတယ်။ အဓိက,က စိတ်ဓာတ်ပါပဲ.. စိတ်သာသေသွားရင် အရာအားလုံးနဲ့ ဝေးသွားပါလိမ့်မယ်။

မူရင်း --Yin Zhong Tain(雲中天) စုစည်းတဲ့ ပုံပြင် (၃ဝဝ) စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်


လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”

“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”

“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”

အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”

မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

“ဘယ်သွားမလို့လဲ.. ကောင်လေး”

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”

လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

မူရင်း--He
Yue-Qing (何躍青) ပြုစုတဲ့ အာဟာရကြက်ပေါင်းရည် စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, October 5, 2009

သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ

သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ


အရင်က ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်တယ်။ ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ကျွန်မဆန္ဒ၊ ကျွန်မရလိုမှုကို ရှေ့တန်းတင်ခဲ့တယ်။ ဒါပေမယ့် သာမန်အတွေ့အကြုံတစ်ခုက ကျွန်မဘဝကို တကယ်ပဲ တခဏအတွင်းမှာ ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီအတွေ့အကြုံကို ကျွန်မဘဝတစ်သက်တာလုံး စွဲစွဲမြဲမြဲ မှတ်ယူခဲ့ပါတယ်။

အဲဒီနေ့ နေ့လယ်ရုံးဆင်းချိန်မှာ နေ့လယ်စာစားဖို့ ရုံးအောက်ကို ကျွန်မဆင်းခဲ့တယ်။ လမ်းမှာလမ်းဘေး အနုပညာသည်တစ်ဦးကို တွေ့ခဲ့တယ်။ ဒါက သိပ်ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ လူတချို့က ဒီလိုနေ့လယ်ရုံးဆင်း လူများတဲ့အချိန်ကိုရွေးပြီး အနုပညာပြစားကြတယ်။

သူ့ရှေ့ကို ကျွန်မဖြတ်တဲ့အချိန်
ကျွန်မလက်ထဲမှာ ငွေအကြွေတချို့ ဆုပ်ကိုင်ထားတယ်။ စိတ်ထဲမှာလည်း ဒီအနုပညာသည်က ငွေတွေကိုယူပြီး ဆေး ဒါမှမဟုတ် အရက်အတွက် အာသာဖြေဖို့ဖြစ်မယ်လို့ ထင်မိတယ်။ တကယ်တမ်းလည်း သူ့ပုံစံက ငယ်ရွယ်ပေမယ့် ဝတ်စားပုံက ပိုသီပတ်သီနဲ့ ပေရေညစ်ပတ်နေတယ်။

ဒီလိုတွေးမိပြီး ရုတ်တရက် ကျွန်မရပ်လိုက်တယ်။ ကိုယ့်ကိုယ် ဒီလိုအတွေးဝင်မိတာကိုလည်း အံ့သြတုန်လှုပ်မိတယ်။ ကျွန်မကရော ငွေတွေကို ဘယ်နေရာမှာ သုံးဖြုန်းသလဲ? ဒီငွေတွေနဲ့ ကိုကာကိုလာ ဒါမှမဟုတ် ချောကလက်ဝယ်ပြီး အာသာဖြေဖို့ပဲ မဟုတ်လား! ကျွန်မက ဘာအတွက်နဲ့ သူ့ထက်တစ်ဆင့် မြင့်ချင်နေရပါလိမ့်?

ခြေအစုံကို ကျွန်မရပ်လိုက်ပြီး အကြွေတွေအားလုံး သူ့ဦးထုပ်ထဲ ထည့်လိုက်တယ်။ ကျွန်မကို သူပြုံးပြတယ်။ သူဖြေဖျော်နေတာကို ခဏရပ်ကြည့်ရင်း တစ်ကိုယ်ကောင်းဆန်စိတ်က ကျွန်မရင်ထဲ ဝင်ရောက်လာပြန်တယ်။ ပြုံးပြတာထက် တစ်ခုခုကို ကျွန်မပိုမျှော်လင့်ခဲ့တယ်။ ဥပမာ- သူ့ဆီက စိတ်လှုပ်ရှားသွားတာမျိုး ဒါမှမဟုတ် ပျော်ရွှင်သွားတာမျိုးပေါ့။ ဒါပေမယ့် ဘာမှပြန်မရလိုက်လို့ သူ့ကိုတစ်ချက်ပြုံးပြပြီး နေရာကနေ ကျွန်မထွက်လာခဲ့တယ်။ ဒါဟာ ငွေကြေးဖြုန်းတီးနေတာနဲ့ အတူတူပဲမို့ ဒီလိုလုပ်ရပ်မျိုးကို ကျွန်မတစ်ခါမှ မလုပ်ခဲ့မိဖူးဘူး။

အဲဒီနေ့ ရုံးဆင်းချိန်မှာ ဘူတာရုံဖက် ကျွန်မခြေဦးလှည့်မယ်ပြင်တော့ နေ့လယ်ကတွေ့ခဲ့တဲ့ အနုပညာသည်ကို တွေ့ပြန်တယ်။ သူလည်း သူ့ပစ္စည်းတွေကိုသိမ်းပြီး ဦးထုပ်ကိုကောက်ယူနေတယ်။ ဦးထုပ်ထဲက လူတွေပေးကမ်းထားတဲ့ ငွေတွေကို ပလပ်စတစ်အိတ်တစ်ခုထဲ သွန်ထည့်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူသွားဝင်သွားခဲ့တယ်။ အဲဒီနောက် ဆိုင်ကောင်တာဆီ တည့်တည့်မတ်မတ်သွားပြီး ငွေတွေကို ကောင်တာပေါ်တင်ထားတဲ့ မီးဘေးအလှူခံပုံးထဲ အကုန်လုံးသွန်ထည့်လိုက်တယ်။ တကယ်တော့ သူဟာ ဘာဆေး၊ အရက်မှ စွဲနေသူမဟုတ်ပါဘူး.. သူက သူတတ်တဲ့အနုပညာနဲ့ အလှူခံနေရုံသက်သက်ပါ။

ကျွန်မဟာ ကိုယ့်ကိုယ်ကို တော်တော်တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားမိတယ်။ ဒီအလုပ်ကို ကျွန်မကိုယ်တိုင် လွယ်လွယ်ကူကူ လုပ်နိုင်ပါရက်နဲ့ ကိုယ့်ငွေတွေကိုလှူဖို့ တစ်ခြားလူကို ကျွန်မခိုင်းစေခဲ့တယ်။

အခုတော့ ငွေအကြွေတွေကို အလှူခံပုံးထဲ ကျွန်မကိုယ်တိုင်ထည့်ပြီး တစ်နေ့တာပျော်ရွှင်မှုနဲ့ လဲယူနိုင်ခဲ့ပါပြီ။ ဒီတစ်ခါတော့ ပေးဆပ်စွန့်ကြဲတဲ့အစွဲကို ကျွန်မစွဲလမ်းနေပြီလို့ သင်တို့ပြောနိုင်ပါပြီ။


၂ဝဝ၉ ခုနှစ် စက်တင်ဘာလထုတ် ဟောင်ကောင် readers digest စာမျက်နှာ(၁၅)မှ Amy Taylor ရေးသားတဲ့ Kindness of Stranger ကို ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ

ပျော်ရွှင်ခြင်းကိုရဖို့ နည်းတစ်နည်း

(၂)
ကျွန်မတို့ ရပ်ကွက်ထဲက (၅)လမ်း စာတိုက်နားမှာ တောင်းရမ်းနေတဲ့ သူတောင်းစား အဘွားအိုတစ်ဦးရှိတယ်။ အဘွားအိုက သွားတွေ လုံးဝမရှိတော့သလို အဝတ်အစားတွေကလည်း ညစ်တီးညစ်ပတ်နဲ့ ကျင်ငယ်နံ့ တဟောင်ဟောင်ဖြစ်နေခဲ့တယ်။ အဝေးကနေတောင် သူ့ဆီကအနံ့အသက်ကို ရနေတတ်တယ်။ အဘွားအိုဟာ စာတိုက်ဖုန်းရုံဘေးမှာ အိပ်တတ်ပြီး မအိပ်ဘဲနိုးနေတဲ့အချိန်ဆိုရင် ပါးစပ်ကတစ်ခုခုကို တွတ်တွတ် ရွတ်နေတတ်တယ်။

စာတိုက်က ညနေ(၆)နာရီပိတ်တဲ့အတွက် အဘွားအိုမှာ တောင်းရမ်းစရာမရှိဘဲ ဖုန်းရုံဘေးမှာ ငုတ်တုတ်ထိုင်ပြီး ပါးစပ်လေးဟလို့ တစ်ယောက်တည်း စကားပြောနေတတ်တယ်။

Thanksgiving ညက ကျွန်မတို့အိမ်မှာ စားစရာတွေ တော်တော်ပိုလျှံခဲ့တယ်။ စားစရာတွေကိုထုပ်ပိုးပြီး (၅)လမ်းဘက်ကို ကျွန်မတစ်ယောက်တည်း ကားမောင်းပြီး ထွက်လာခဲ့တယ်။

ညက အေးစက်လွန်းနေခဲ့တယ်။ ညလေပြင်းတချို့က သစ်ရွက်တွေကို အလိပ်လိုက်သယ်ယူသွားခဲ့တယ်။ လမ်းပေါ်မှာ လူသူကင်းရှင်းနေခဲ့တယ်။ ကံဆိုးသူတချို့တလေက နွေးထွေးတဲ့နေရာတစ်ခုကို အသဲအသန်လိုက်ရှာနေကြတယ်။ အဘွားအိုကို ကျွန်မရှာတွေ့နိုင်မယ်ဆိုတာ ကျွန်မသိနေတယ်။

အဘွားအိုက သူ့နဂိုပုံစံအတိုင်း နွေရာသီဝတ်စုံကို ဝတ်ထားဆဲဖြစ်တယ်။ ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး စောင်အိုထဲ သူတိုးဝင်နေခဲ့တယ်။ လက်တစ်ဘက်က သူ့အဖိုးတန်ပစ္စည်း တွန်းလှည်းစုတ်ကို တင်းတင်းလေး ဆုပ်ကိုင်ထားပြီး စာတိုက်ဘေးက သံဇကာနံရံမှာ ခွေခွေလေးထိုင်နေခဲ့တယ်။

"အကာအကွယ်ရှိတဲ့ နေရာကို သူဘာလို့ မရှာခဲ့ပါလိမ့်"

ကျွန်မစိတ်ထဲ မွမ်းကျပ်နေမိတယ်။ အကာအကွယ်တစ်နေရာမှာ ခိုအောင်းဖို့တောင် မသိနိုင်လောက်အောင် အဘွားအိုရဲ့ စိတ်အာရုံတွေက ပျက်ပြားခဲ့ပြီလား? ကားကို လမ်းဘေးမှာထိုးရပ်ပြီး ကားမှန်ကိုချရင်း ကျွန်မအော်လိုက်တယ်။

"အဘွား.. အဘွား... ဒီမှာ ယူမလား........."

ပြောလက်စ စကားကို ကျွန်မခဏရပ်လိုက်တယ်။ ကျွန်မမျက်စိရှေ့မှာမြင်ရတဲ့ အဘွားအိုက အရင်ကသူတောင်းစာ အဘွားအိုနဲ့ မတူနေသလိုပဲ!

"အဘွား.. အဘွား... ကျွန်မ အစာတချို့ယူလာတယ်။ ကြက်ဆင်နဲ့ ပန်းသီးယိုတွေပါတယ်"

စောင်ထဲကနေ ကျွန်မကို သူလှမ်းကြည့်တယ်။ ပြီးတော့ အောက်သွားနှစ်ချောင်းသာရှိတော့တဲ့ ပါးစပ်နဲ့ ကျွန်မကို စကားတစ်ခွန်းချင်း ရှင်းရှင်းလင်းလင်း ပြန်ပြောခဲ့တယ်။

"စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု ငါဗိုက်ပြည့်နေတယ်။ ဒီအစာကို တကယ့်လိုအပ်နေတဲ့လူတွေအတွက် ပေးလိုက်ပါ"

အဘွားအိုရဲ့ စကားက ရှင်းလင်းပြတ်သားနေတယ်။ ပုံစံက တည်တည်ငြိမ်ငြိမ် သူ့စကားမှာ ကြင်နာမှုတွေ ပါနေခဲ့တယ်။ စိတ်အာရုံပျက်ပြားနေတဲ့ ပုံစံမျိုး သူ့ဆီမှာ လုံးဝ မတွေ့ခဲ့ဘူး။ ပြောပြီးတာနဲ့ စောင်ထဲ သူ့ခေါင်းတိုးဝင်သွားတယ်။ ကျွန်မတစ်ယောက်တည်း နေရာမှာတင် ငေးကြောင်ပြီး ကျန်နေခဲ့တယ်။

လူတိုင်း ပျော်ရွှင်ခြင်းကို တောင့်တကြတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းကိုရဖို့ နည်းတစ်နည်းပဲရှိတယ်။ အရှင်းဆုံးပြောရရင် ကိုယ့်စိတ်ခံစားချက်ကို အရင်ပြုပြင်ဖို့ပဲဖြစ်တယ်။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း အနည်းအများ၊ ရာထူးအနိမ့်အမြင့်၊ အလုပ်အကိုင် အဆင့်အတန်းနဲ့ မဆိုင်ပါဘူး။ ---Dale Carnegie

Sunday, October 4, 2009

လူတစ်ဦးရဲ့ အောင်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကိုအောင်နိုင်ခြင်းပါပဲ---

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


(၁)

အောက်ကစာက အင်္ဂလန်နိုင်ငံ Westminsterမှာ မြေမြှုလ်သဂြိင်္ုလ်ထားတဲ့ အင်္ဂလန် ခရစ်ယာန်အသင်းရဲ့ အကြီးအကဲအုတ်ဂူမှာ ရေးထိုးထားတဲ့စာဖြစ်ပါတယ်။ စာက အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်တော်ငယ်ရွယ်စဉ်က ကျန်းမာသန်စွမ်းပြီး ရည်ရွယ်ချက်ကြီးမားသူဖြစ်တယ်။ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အိပ်မက်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲချင်စိတ်ရှိခဲ့တယ်။ ဒါပေမယ့် အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ စာပေဗဟုသုတတွေ တိုးလာတာနဲ့အညီ ကမ္ဘာကြီးကိုပြောင်းလဲဖို့ ကျွန်တော်မစွမ်းနိုင်ဘူးဆိုတာကို သိလာခဲ့တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင် နိုင်ငံကိုပြောင်းလဲမယ်ဆိုပြီး ကျွန်တော့်အိပ်မက်ကို ကျွန်တော်ချုံ့လိုက်တယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်ကလည်း ကြီးလွန်းခဲ့ပြန်တယ်။

လူလတ်ပိုင်းအရွယ်ရောက်တော့ မတတ်တာတဲ့အဆုံးမှာ ကိုယ့်မိသားစုကိုပဲ ပြောင်းလဲဖို့ ကျွန်တော်စိတ်ကူးလိုက်တယ်။ ဒါပေမယ့် လူတိုင်းကို ကျွန်တော်မပြောင်းလဲနိုင်ခဲ့ဘူး။ သူတို့က သူတို့ပင်ကိုယ်စရိုက်အတိုင်း ရှိနေခဲ့တယ်။

တဖြည်းဖြည်း အိုမင်းလာခဲ့မှ သူတစ်ပါးကို မပြောင်းလဲခင် ကိုယ့်ကိုယ် အရင်ပြောင်းလဲပြီး ကိုယ့်ပြောင်းလဲမှုနဲ့ မိသားစုကို အကျိုးသက်ရောက်စေမယ်ဆိုတဲ့ ကိစ္စတချို့ကို ကျွန်တော် သဘောပေါက်နားလည်ခဲ့ရတယ်။

တကယ်လို့ မိသားစုဝင်ရဲ့ စံနမှုနာအဖြစ် ကိုယ့်ကိုယ်အရင်ပြောင်းလဲနိုင်ခဲ့ရင် နောက်တစ်လှမ်းမှာ နိုင်ငံတိုးတက်ပြောင်းလဲဖို့ ကိုယ်လုပ်နိုင်မယ်၊ နောက်ဆုံး ကမ္ဘာကြီးတစ်ခုလုံးကိုလည်း ပြောင်းလဲနိုင်လိမ့်မယ်ဆိုတာ ဘယ်သူသိခဲ့မလဲ?

လူတစ်ဦးရဲ့ အောင်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကိုအောင်နိုင်ခြင်းပါပဲ--- Andreyev

ငယ်ရွယ်၊ လွတ်လပ်
အကန့်သတ်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိပ်မက်ထဲမှာ
``ကမ္ဘာကြီးကို ပြောင်းပစ်မယ်´´ ။
- အသက်ကလေးရလာ
`ပညာ´ဆိုတာ နည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှာ
``ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ . . .´´ ။
- အိပ်မက်ကို ဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
``တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ . . .´´ ။
-ဘ၀ရဲ့ဆည်းဆာချိန်
အိပ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သမီးသားအတွက်
ပေးဆပ်ဖို့ ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
``မိသားစုဟာ ဒီအတိုင်းပါပဲ . . .´´ ။
-သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
``ငါဟာ ငါပဲ၊ ဘာမှ မပြောင်းလဲ . . .´´ ။

ကျော်ဝင်း နှစ်ဆယ့်တစ်ရာစု သားရွှေဥ
(SEAN COVEY – THE 7 HABITS OF HIGHLY EFFECTIVE TEENS) ထဲမှ

တော်ကီဘလော့မှ ကူးယူပါသည်။