သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ
အရင်က ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်တယ်။ ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ကျွန်မဆန္ဒ၊ ကျွန်မရလိုမှုကို ရှေ့တန်းတင်ခဲ့တယ်။ ဒါပေမယ့် သာမန်အတွေ့အကြုံတစ်ခုက ကျွန်မဘဝကို တကယ်ပဲ တခဏအတွင်းမှာ ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီအတွေ့အကြုံကို ကျွန်မဘဝတစ်သက်တာလုံး စွဲစွဲမြဲမြဲ မှတ်ယူခဲ့ပါတယ်။
အဲဒီနေ့ နေ့လယ်ရုံးဆင်းချိန်မှာ နေ့လယ်စာစားဖို့ ရုံးအောက်ကို ကျွန်မဆင်းခဲ့တယ်။ လမ်းမှာလမ်းဘေး အနုပညာသည်တစ်ဦးကို တွေ့ခဲ့တယ်။ ဒါက သိပ်ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ လူတချို့က ဒီလိုနေ့လယ်ရုံးဆင်း လူများတဲ့အချိန်ကိုရွေးပြီး အနုပညာပြစားကြတယ်။
သူ့ရှေ့ကို ကျွန်မဖြတ်တဲ့အချိန် ကျွန်မလက်ထဲမှာ ငွေအကြွေတချို့ ဆုပ်ကိုင်ထားတယ်။ စိတ်ထဲမှာလည်း ဒီအနုပညာသည်က ငွေတွေကိုယူပြီး ဆေး ဒါမှမဟုတ် အရက်အတွက် အာသာဖြေဖို့ဖြစ်မယ်လို့ ထင်မိတယ်။ တကယ်တမ်းလည်း သူ့ပုံစံက ငယ်ရွယ်ပေမယ့် ဝတ်စားပုံက ပိုသီပတ်သီနဲ့ ပေရေညစ်ပတ်နေတယ်။
ဒီလိုတွေးမိပြီး ရုတ်တရက် ကျွန်မရပ်လိုက်တယ်။ ကိုယ့်ကိုယ် ဒီလိုအတွေးဝင်မိတာကိုလည်း အံ့သြတုန်လှုပ်မိတယ်။ ကျွန်မကရော ငွေတွေကို ဘယ်နေရာမှာ သုံးဖြုန်းသလဲ? ဒီငွေတွေနဲ့ ကိုကာကိုလာ ဒါမှမဟုတ် ချောကလက်ဝယ်ပြီး အာသာဖြေဖို့ပဲ မဟုတ်လား! ကျွန်မက ဘာအတွက်နဲ့ သူ့ထက်တစ်ဆင့် မြင့်ချင်နေရပါလိမ့်?
ခြေအစုံကို ကျွန်မရပ်လိုက်ပြီး အကြွေတွေအားလုံး သူ့ဦးထုပ်ထဲ ထည့်လိုက်တယ်။ ကျွန်မကို သူပြုံးပြတယ်။ သူဖြေဖျော်နေတာကို ခဏရပ်ကြည့်ရင်း တစ်ကိုယ်ကောင်းဆန်စိတ်က ကျွန်မရင်ထဲ ဝင်ရောက်လာပြန်တယ်။ ပြုံးပြတာထက် တစ်ခုခုကို ကျွန်မပိုမျှော်လင့်ခဲ့တယ်။ ဥပမာ- သူ့ဆီက စိတ်လှုပ်ရှားသွားတာမျိုး ဒါမှမဟုတ် ပျော်ရွှင်သွားတာမျိုးပေါ့။ ဒါပေမယ့် ဘာမှပြန်မရလိုက်လို့ သူ့ကိုတစ်ချက်ပြုံးပြပြီး နေရာကနေ ကျွန်မထွက်လာခဲ့တယ်။ ဒါဟာ ငွေကြေးဖြုန်းတီးနေတာနဲ့ အတူတူပဲမို့ ဒီလိုလုပ်ရပ်မျိုးကို ကျွန်မတစ်ခါမှ မလုပ်ခဲ့မိဖူးဘူး။
အဲဒီနေ့ ရုံးဆင်းချိန်မှာ ဘူတာရုံဖက် ကျွန်မခြေဦးလှည့်မယ်ပြင်တော့ နေ့လယ်ကတွေ့ခဲ့တဲ့ အနုပညာသည်ကို တွေ့ပြန်တယ်။ သူလည်း သူ့ပစ္စည်းတွေကိုသိမ်းပြီး ဦးထုပ်ကိုကောက်ယူနေတယ်။ ဦးထုပ်ထဲက လူတွေပေးကမ်းထားတဲ့ ငွေတွေကို ပလပ်စတစ်အိတ်တစ်ခုထဲ သွန်ထည့်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူသွားဝင်သွားခဲ့တယ်။ အဲဒီနောက် ဆိုင်ကောင်တာဆီ တည့်တည့်မတ်မတ်သွားပြီး ငွေတွေကို ကောင်တာပေါ်တင်ထားတဲ့ မီးဘေးအလှူခံပုံးထဲ အကုန်လုံးသွန်ထည့်လိုက်တယ်။ တကယ်တော့ သူဟာ ဘာဆေး၊ အရက်မှ စွဲနေသူမဟုတ်ပါဘူး.. သူက သူတတ်တဲ့အနုပညာနဲ့ အလှူခံနေရုံသက်သက်ပါ။
ကျွန်မဟာ ကိုယ့်ကိုယ်ကို တော်တော်တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားမိတယ်။ ဒီအလုပ်ကို ကျွန်မကိုယ်တိုင် လွယ်လွယ်ကူကူ လုပ်နိုင်ပါရက်နဲ့ ကိုယ့်ငွေတွေကိုလှူဖို့ တစ်ခြားလူကို ကျွန်မခိုင်းစေခဲ့တယ်။
အခုတော့ ငွေအကြွေတွေကို အလှူခံပုံးထဲ ကျွန်မကိုယ်တိုင်ထည့်ပြီး တစ်နေ့တာပျော်ရွှင်မှုနဲ့ လဲယူနိုင်ခဲ့ပါပြီ။ ဒီတစ်ခါတော့ ပေးဆပ်စွန့်ကြဲတဲ့အစွဲကို ကျွန်မစွဲလမ်းနေပြီလို့ သင်တို့ပြောနိုင်ပါပြီ။
၂ဝဝ၉ ခုနှစ် စက်တင်ဘာလထုတ် ဟောင်ကောင် readers digest စာမျက်နှာ(၁၅)မှ Amy Taylor ရေးသားတဲ့ Kindness of Stranger ကို ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ