As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Thursday, October 8, 2009

ယမ်းဘီလူး

ယမ်းဘီလူး

မင်းခိုက်စိုးစန်

(၁)
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ , ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားရပလားဆိုရင်...

(၂)
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၃)
ငှက်တွေတောင်
နံနက်ခင်းကို မှတ်မိနေကြပေါ့...။
ဂန္တ၀င်မြောက်ပါသကွဲ့
...သံတိုမယ်န နည်းနည်း
...ရေခဲတုံး နည်းနည်း
...ပြီးတော့ ရောင်စုံခဲတံတွေ
ငါတို့ခေါင်းထဲ ထိုးထည့်နေတာ...
စိတ်ညစ်နေလား ကလေးရေ...
ကိုယ်ဆွဲတဲ့ ပန်းချီကား
ကိုယ်ပဲ လက်မှတ်ရေးထိုးရမှာ...
ပန်းချီကားဘက်ကတောင် 'နာ'တယ်။
(ဒါ့ထက် သိမ်ငယ်စရာ)
ဘာဆိုဘာမှ မရှိတော့ပါဘူး)
ဟောဒီအရူးက
နံနက်ခင်းကို စုဘူးထဲထည့်ထားပြီး
အ၀ကျဉ်းကျဉ်းကလေးကနေ ချောင်းချောင်းကြည့်
ဘယ်တော့မှ မမှတ်မိနိုင်ပုံလေ...။
ဂန္တ၀င်မြောက်ပါသကွဲ့
ငါ့ရဲ့ စုဘူးထဲက နံနက်ခင်း
ငါ့ ပန်းချီကားထဲမှာ အလိုလို လင်းပနေလိုက်ပုံ!!!
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ,ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...

(၄)
'သူမ'နဲ့ 'သ'ူနဲ့
နှစ်ယောက်ချင်း ဆံပင်တွေကို ချည်နှောင်ကြ
ကိုယ့်ရင်ဘတ်ကိုယ်...ကြိုးတပ်လို့
ကိုယ့်ဘာသာကိုယ် တယောထိုးပစ်
စကားလုံးအသစ်တွေ ဖောဖောသီသီသုံးပြီး
တို့ နားမလည်တဲ့ အရာတွေအားလုံးကို
အဲဒီ အမှိုက်ပုံးထဲ တွန်းချဘို့ ကြိုးစား...
ကလေးရေ...
ဒါ...မရိုးသားမှုပါကွဲ့
အဲဒါကို... ချစ်ကြ! ချစ်ကြ! ချစ်ကြ!
ကိုယ့် ပွဲကြည့်စင် ကိုယ်ဆောက်ပြီး
'အထူးတန်းမှာထိုင်သူ'လို့ နာမည်တပ်
မြင့်မြတ်စွာ အောက်တန်းကျနေလိုက်ပုံများ
ရေစုပ်ဝဲကြီးများတောင် ဖြစ်လို့!!!
ကလေးရေ...
ရေဆန်ကို ဖြောင့်ဖြောင့်ကူးနေလို့ကတော့
မင်း...အဲဒီ ဝဲက
လွတ်မှ လွတ်ပါ့မလားကွယ်...။
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၅)
လက်ဖက်ရည်ခွက်ထဲ
ကျပြီးသေနေတဲ့ ယင်ကောင်ဟာ...ငါပါပဲ
၂၆ နှစ်လုံးလုံး ညစ်ပတ်
ပန်းကန်ထဲမှာတောင်
ရောဂါပိုးမွှားတွေ ကပ်ညိကျန်နေခဲ့လောက်တဲ့
(ဆေးရုံတစ်ရုံလောက် များမှာပ
...ကုသဗေဒ များသလောက်
...ရောဂါပိုးမွှား များပုံတွေ)
ငါ...၊ ငါ့ မဟာမိတ်...၊ ငါ့ ရန်သူ...
အားလုံး... နာတာရှည် ရောဂါသည်ချင်း အတူတူပါပဲ။
ငါတို့တွေ...ကိုယ့်ကိုကိုယ် မှတ်မိကြပြီလေ!
(ငှက်တွေ...နံနက်ခင်းကို
ရင်းရင်းနှီးနှီး မှတ်မိပုံမျိုး?)
ငါတို့ မသိတာတွေ... များ
ပြီးတော့ ... သိသွားမှာပ။
သိအောင် ဘ၀ကို စာမေးပွဲစစ်ကြ။
ပြီးတော့...
ရလာသမျှ အမှတ်စာရင်းတွေကို
ခြေစုံပစ်ပြီး ယုံလိုက်!!!
ဒါပဲ။ ဒါဟာ ယေဘုယျပဲ။
လိမ်လိုက်ကြ!
စိတ်ညစ်နေမလား... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၆)
မနေ့ကတင် ချုံးချုံးကျသွားခဲ့...
...မော်တော်ကားတစ်စင်းမှာ
ငါ့ ဖောင်းလိုက်ပိန်လိုက် အဆုတ်ကြီးကို တပ်ဆင်
... မောင်းနှင်ပစ်လိုက်တာ ... ... ...။
ပျက်နေတာများ ကောင်းသွားမလားဆိုရင်
ငါတို့ရဲ့ စိတ်ဓာတ်တွေ...
ဟောဗားယာဉ်လို ပျံသန်းသွားတတ်လိုက်ကြတာ...
မုတ်သုန်လေထက်တောင်မှ
ပေါ့ပါးနေသေးရဲ့။
ဒီလိုပဲ...
ပျံသန်းလိုက်၊ နားနေလိုက်နဲ့
ဆောင့်ကြီး အောင့်ကြီး ဖွာလိုက်တဲ့ ဆေးလိပ်လို
... တိုဝင်သွား!
အင်းပေါ့လေ...
ငါတို့ရဲ့ စိတ်တွေ မီးဖွားရဲရဲ
အစီခံ ဘယ်တော့ရောက်မလဲ???
... သတ္တိရှိရှိ ကြောက်လန့်နေ...
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ, ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...
အား!!!
ကွယ်လွန်သူတို့ရေ...
ငါတို့ရဲ့ ဆံပင်တွေနဲ့
လွမ်းသူ့ပန်းခွေတစ်ခွေ ယက်ပို့လိုက်ပါရဲ့...
ကော့ပါးနီးကပ်(စ်)ကတော့
ကမ္ဘာကို တစ်ပါတ်ပြီးတစ်ပါတ် လည်စေခဲ့ပြီ...
ဟောဒီ ငတိတွေမှာသာ
အ၀ါရောင် ချွဲပျစ်ပျစ်နဲ့
နေမကောင်းဖြစ်လို့ ကျန်ခဲ့တုန်း...
ခက်တယ်... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(ရ)
တေ့ဆက် ဆက်ထားတဲ့ အဟောင်းအနွင်းတွေကြားမှာ
လှေခါးတစ်ခုလို ငါငြီးငွေ့နေခဲ့။
... ... ...
ငါတို့ ဘာတွေကို ယူလာခဲ့သလဲ???
ငါတို့ ဘာတွေကို ထားခဲ့မှာလဲ???
တို့ မသိဘူး။
ပြန်သတိရမိ။
ငယ်ငယ်တုန်းက ကြုံးဝါးခဲ့ဘူးတာ...
"ကမ္ဘာလုံးကို အံစာတုံးလို ခေါက်ပြလိုက်မယ်!
မီးတောက်ကို ဘယ်သူ ဇောက်ထိုးထားလို့ ရမှာလ!!!"
ဒါနဲ့ပဲ...
ကုန်သည်လေထဲ
ငှက်တွေ ရင်ကော့ တိုးဝင်နေပုံ...
ငါ...
ယုံယုံကြည်ကြည်ကြီး ငေးကြည့်နေဖြစ်ပြန်ရော...

(၈)
ကလေးရေ...
ချိန်ခွင် တစ်ဖက်တစ်ချက်ဆီမှာ
မင်းနဲ့ငါ... ၀င်ထိုင်ကြမယ်
ပြီးတော့... မင်းနဲ့ငါ ခွဲခွါကြမယ်
ပြီးတော့... နောက် ဆယ်နှစ်ကြာတဲ့အခါ
မင်းနဲ့ငါ ပြန်ဆုံကြမယ်လေ...
ပြီးတော့... လိုအပ်ပစ်လိုက်ကြမယ်!!!
ကွန်ပါဘူး အသစ်ကျပ်ချွတ်လို သပ်ယပ်မှုမျိုးနဲ့
ငါတို့ဟာ (အဲဒီအခါ)
ကမ္ဘာကြီးတစ်ခုလုံးကို လိုအပ်ပစ်လိုက်ကြတာပေါ့!!!
ယုံတယ်မဟုတ်လား
တစ်ခြားလူ မဟုတ်ပါဘူး
ငါပါ... ငါပါ... ငါပါကွဲ့...
နတ်ရေကန်ထဲ ပစ်ချခံခဲ့ရတာ မဟုတ်ပါဘူး
ခြေစစ်ပွဲမှာတောင်
ပယ်နယ်တီ ဆယ်ခါ ကန်ခဲ့ရတဲ့ ကောင်ပါကွဲ့...။
ဟေ့ ... လာ!!!
မျက်လုံးနဲ့ မေးရိုးတွေမှာ
သေချာမှုတစ်ခုရဲ့ မာနနဲ့ မီးလျှံတွေ တောက်ပ
ဒဿမ ရှာမရတော့အထိ
ငါတို့ ချွန်...မြ...ပစ်...လိုက်...ကြ...ရ...အောင်!!!

(၉)
စကြာဝဠာကြီးထဲမှာ...
'လူ'လာဖြစ်ကြတဲ့
(ကောင်လေးနဲ့ ကောင်မလေး)
အဲဒီ သေးသေးကွေးကွေးလေး နှစ်ယောက်ဟာ...
ဘာဆို ဘာကိုမှ မကြောက်တတ်ကြပါဘူး။
... ... ...
ကလေးရေ...
ကျောက်တောင်ကြီးတွေကိုတောင်မှ
ဖြိုချပစ်လိုက်နိုင်တဲ့
အဲဒီ 'ဒိုင်းနမိုက်'ဆိုတာလဲ
အထုပ်သေးသေးလေးတွေပဲ မဟုတ်လားကွယ်။

မင်းခိုက်စိုးစန်

အောင်မြင်သူရဲ့လမ်း

အောင်မြင်သူရဲ့လမ်း


အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ကမ္ဘာကျော်လူအယောက်(၁ဝဝ)ကို ပညာရှင်တချို့က လေ့လာဆန်းစစ်ကြည့်ရာမှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကို တွေ့ခဲ့တယ်။ အဲဒီဖြစ်စဉ်မှာ သူတို့ရဲ့အောင်မြင်မှု အတွေ့အကြုံက သာမန်အောင်မြင်မှုနည်းလမ်းတွေလို မဟုတ်တဲ့အပြင် အသက်အရွယ်၊ အချိန်တွေကလည်း သူတို့ကို ကန့်သတ်မထားနိုင်ခဲ့ကြဘူး။

အဲဒီပညာရှင်တွေထဲမှာ Mozart၊ Chopin၊ Edison၊ Austen၊ Ford၊ Churchill နဲ့ Eubie Blakeတို့ ပါဝင်ကြတယ်။

(၃)နှစ်အရွယ်မှာ Mozartဟာ စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ်တဲ့အပြင် တစ်ခါသာနားထောင်ဖူးတဲ့ တေးသီချင်းကို မှတ်မိနိုင်စွမ်းရှိခဲ့တယ်။

(၇)နှစ်အရွယ်မှာ Chopinဟာ G Minor Polonez အကတေးဂီတကို ဖန်တီးနိုင်ခဲ့တယ်။

Edisonဟာ (၁ဝ)နှစ်အရွယ်မှာ ဖခင်ရဲ့မြေအောက်ခန်းမှာ စမ်းသပ်ခန်းတစ်ခုပြုလုပ်ပြီး ကမ္ဘာ့အကြီးမားဆုံး ထီထွင်မှုကို ပြုလုပ်ခဲ့တယ်။

Jane Austen
ဟာ (၂၁)နှစ်အရွယ်မှာ ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ “Pride and Prejudice” ကို ထုတ်ဝေနိုင်ခဲ့တယ်။

(၅ဝ)နှစ်အရွယ်မှာ Fordက “Assembly line”ကို အသုံးပြုပြီး ကားပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့ပြီး ကားတွေကို အဖိုးချိုသာစွာ ရောင်းချနိုင်ခဲ့လို့ လူတန်းစားပေါင်းများစွာ ကားတွေကို ဝယ်ယူနိုင်ခဲ့တယ်။

Churchillဟာ (၈၁)နှစ်အရွယ်မှာ ရာထူးမှနှုတ်ထွက်ပြီး ပန်းချီပညာကို စတင်ဆည်းပူးခဲ့တယ်။ နောက်ဆုံးမှာ အောင်မြင်စွာနဲ့ ကိုယ်ပိုင်ပန်းချီကားတွေကို ခင်းကျင်းပြသနိုင်ခဲ့တယ်။

အသက်(၁ဝဝ)နီးနီး နေထိုင်ခဲ့တဲ့ စန္ဒရားပညာရှင်၊ တေးရေးဆရာ Eubie Blakeက တစ်ကိုယ်တော် ဂီတဖျော်ဖြေရေးပွဲကို ကျင်းပခဲ့တယ်။ မကွယ်လွန်ခင် (၅)ရက်အလိုမှာ Eubie Blakeက “ဒီလောက်အသက်အရွယ်ထိ ကျွန်တော်အသက်ရှင်ခဲ့မယ်လို့ အစကကြိုသိခဲ့ရင် ဒီ့ထက်ကျွန်တော် ပိုကြိုးစားမိမှာပါ” လို့ ပြောခဲ့တယ်။

လူအများက ငယ်ရွယ်နုပျိုချိန်မှာ စိတ်ဓာတ်ခွန်အားတက်ကြွပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီ အားကြိုးမာန်တက် ချီတက်ခဲ့ကြတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခွန်အားတွေ ယုတ်လျော့လာတဲ့အချိန်၊ စိတ်အလို မလိုက်နိုင်တဲ့အချိန်၊ လက်လျှော့ပြီး အတည်တကျနေနိုင်မယ့်လမ်းကိုပဲ ရွေးခဲ့ကြတယ်။ တကယ်တမ်းတော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ အသက်အရွယ်၊ အချိန်ရာသီတွေနဲ့ ကန့်သတ်မထားခဲ့ပါဘူး။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုပန်းတိုင်ဆီအရောက် ချီတက်နိုင်ကြပါတယ်။ အဓိက,က စိတ်ဓာတ်ပါပဲ.. စိတ်သာသေသွားရင် အရာအားလုံးနဲ့ ဝေးသွားပါလိမ့်မယ်။

မူရင်း --Yin Zhong Tain(雲中天) စုစည်းတဲ့ ပုံပြင် (၃ဝဝ) စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်


လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။

ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”

“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”

“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”

အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”

မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

“ဘယ်သွားမလို့လဲ.. ကောင်လေး”

“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”

“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”

လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….

မူရင်း--He
Yue-Qing (何躍青) ပြုစုတဲ့ အာဟာရကြက်ပေါင်းရည် စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, October 5, 2009

သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ

သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ


အရင်က ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်တယ်။ ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ကျွန်မဆန္ဒ၊ ကျွန်မရလိုမှုကို ရှေ့တန်းတင်ခဲ့တယ်။ ဒါပေမယ့် သာမန်အတွေ့အကြုံတစ်ခုက ကျွန်မဘဝကို တကယ်ပဲ တခဏအတွင်းမှာ ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီအတွေ့အကြုံကို ကျွန်မဘဝတစ်သက်တာလုံး စွဲစွဲမြဲမြဲ မှတ်ယူခဲ့ပါတယ်။

အဲဒီနေ့ နေ့လယ်ရုံးဆင်းချိန်မှာ နေ့လယ်စာစားဖို့ ရုံးအောက်ကို ကျွန်မဆင်းခဲ့တယ်။ လမ်းမှာလမ်းဘေး အနုပညာသည်တစ်ဦးကို တွေ့ခဲ့တယ်။ ဒါက သိပ်ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ လူတချို့က ဒီလိုနေ့လယ်ရုံးဆင်း လူများတဲ့အချိန်ကိုရွေးပြီး အနုပညာပြစားကြတယ်။

သူ့ရှေ့ကို ကျွန်မဖြတ်တဲ့အချိန်
ကျွန်မလက်ထဲမှာ ငွေအကြွေတချို့ ဆုပ်ကိုင်ထားတယ်။ စိတ်ထဲမှာလည်း ဒီအနုပညာသည်က ငွေတွေကိုယူပြီး ဆေး ဒါမှမဟုတ် အရက်အတွက် အာသာဖြေဖို့ဖြစ်မယ်လို့ ထင်မိတယ်။ တကယ်တမ်းလည်း သူ့ပုံစံက ငယ်ရွယ်ပေမယ့် ဝတ်စားပုံက ပိုသီပတ်သီနဲ့ ပေရေညစ်ပတ်နေတယ်။

ဒီလိုတွေးမိပြီး ရုတ်တရက် ကျွန်မရပ်လိုက်တယ်။ ကိုယ့်ကိုယ် ဒီလိုအတွေးဝင်မိတာကိုလည်း အံ့သြတုန်လှုပ်မိတယ်။ ကျွန်မကရော ငွေတွေကို ဘယ်နေရာမှာ သုံးဖြုန်းသလဲ? ဒီငွေတွေနဲ့ ကိုကာကိုလာ ဒါမှမဟုတ် ချောကလက်ဝယ်ပြီး အာသာဖြေဖို့ပဲ မဟုတ်လား! ကျွန်မက ဘာအတွက်နဲ့ သူ့ထက်တစ်ဆင့် မြင့်ချင်နေရပါလိမ့်?

ခြေအစုံကို ကျွန်မရပ်လိုက်ပြီး အကြွေတွေအားလုံး သူ့ဦးထုပ်ထဲ ထည့်လိုက်တယ်။ ကျွန်မကို သူပြုံးပြတယ်။ သူဖြေဖျော်နေတာကို ခဏရပ်ကြည့်ရင်း တစ်ကိုယ်ကောင်းဆန်စိတ်က ကျွန်မရင်ထဲ ဝင်ရောက်လာပြန်တယ်။ ပြုံးပြတာထက် တစ်ခုခုကို ကျွန်မပိုမျှော်လင့်ခဲ့တယ်။ ဥပမာ- သူ့ဆီက စိတ်လှုပ်ရှားသွားတာမျိုး ဒါမှမဟုတ် ပျော်ရွှင်သွားတာမျိုးပေါ့။ ဒါပေမယ့် ဘာမှပြန်မရလိုက်လို့ သူ့ကိုတစ်ချက်ပြုံးပြပြီး နေရာကနေ ကျွန်မထွက်လာခဲ့တယ်။ ဒါဟာ ငွေကြေးဖြုန်းတီးနေတာနဲ့ အတူတူပဲမို့ ဒီလိုလုပ်ရပ်မျိုးကို ကျွန်မတစ်ခါမှ မလုပ်ခဲ့မိဖူးဘူး။

အဲဒီနေ့ ရုံးဆင်းချိန်မှာ ဘူတာရုံဖက် ကျွန်မခြေဦးလှည့်မယ်ပြင်တော့ နေ့လယ်ကတွေ့ခဲ့တဲ့ အနုပညာသည်ကို တွေ့ပြန်တယ်။ သူလည်း သူ့ပစ္စည်းတွေကိုသိမ်းပြီး ဦးထုပ်ကိုကောက်ယူနေတယ်။ ဦးထုပ်ထဲက လူတွေပေးကမ်းထားတဲ့ ငွေတွေကို ပလပ်စတစ်အိတ်တစ်ခုထဲ သွန်ထည့်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ထဲ သူသွားဝင်သွားခဲ့တယ်။ အဲဒီနောက် ဆိုင်ကောင်တာဆီ တည့်တည့်မတ်မတ်သွားပြီး ငွေတွေကို ကောင်တာပေါ်တင်ထားတဲ့ မီးဘေးအလှူခံပုံးထဲ အကုန်လုံးသွန်ထည့်လိုက်တယ်။ တကယ်တော့ သူဟာ ဘာဆေး၊ အရက်မှ စွဲနေသူမဟုတ်ပါဘူး.. သူက သူတတ်တဲ့အနုပညာနဲ့ အလှူခံနေရုံသက်သက်ပါ။

ကျွန်မဟာ ကိုယ့်ကိုယ်ကို တော်တော်တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားမိတယ်။ ဒီအလုပ်ကို ကျွန်မကိုယ်တိုင် လွယ်လွယ်ကူကူ လုပ်နိုင်ပါရက်နဲ့ ကိုယ့်ငွေတွေကိုလှူဖို့ တစ်ခြားလူကို ကျွန်မခိုင်းစေခဲ့တယ်။

အခုတော့ ငွေအကြွေတွေကို အလှူခံပုံးထဲ ကျွန်မကိုယ်တိုင်ထည့်ပြီး တစ်နေ့တာပျော်ရွှင်မှုနဲ့ လဲယူနိုင်ခဲ့ပါပြီ။ ဒီတစ်ခါတော့ ပေးဆပ်စွန့်ကြဲတဲ့အစွဲကို ကျွန်မစွဲလမ်းနေပြီလို့ သင်တို့ပြောနိုင်ပါပြီ။


၂ဝဝ၉ ခုနှစ် စက်တင်ဘာလထုတ် ဟောင်ကောင် readers digest စာမျက်နှာ(၁၅)မှ Amy Taylor ရေးသားတဲ့ Kindness of Stranger ကို ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ

ပျော်ရွှင်ခြင်းကိုရဖို့ နည်းတစ်နည်း

(၂)
ကျွန်မတို့ ရပ်ကွက်ထဲက (၅)လမ်း စာတိုက်နားမှာ တောင်းရမ်းနေတဲ့ သူတောင်းစား အဘွားအိုတစ်ဦးရှိတယ်။ အဘွားအိုက သွားတွေ လုံးဝမရှိတော့သလို အဝတ်အစားတွေကလည်း ညစ်တီးညစ်ပတ်နဲ့ ကျင်ငယ်နံ့ တဟောင်ဟောင်ဖြစ်နေခဲ့တယ်။ အဝေးကနေတောင် သူ့ဆီကအနံ့အသက်ကို ရနေတတ်တယ်။ အဘွားအိုဟာ စာတိုက်ဖုန်းရုံဘေးမှာ အိပ်တတ်ပြီး မအိပ်ဘဲနိုးနေတဲ့အချိန်ဆိုရင် ပါးစပ်ကတစ်ခုခုကို တွတ်တွတ် ရွတ်နေတတ်တယ်။

စာတိုက်က ညနေ(၆)နာရီပိတ်တဲ့အတွက် အဘွားအိုမှာ တောင်းရမ်းစရာမရှိဘဲ ဖုန်းရုံဘေးမှာ ငုတ်တုတ်ထိုင်ပြီး ပါးစပ်လေးဟလို့ တစ်ယောက်တည်း စကားပြောနေတတ်တယ်။

Thanksgiving ညက ကျွန်မတို့အိမ်မှာ စားစရာတွေ တော်တော်ပိုလျှံခဲ့တယ်။ စားစရာတွေကိုထုပ်ပိုးပြီး (၅)လမ်းဘက်ကို ကျွန်မတစ်ယောက်တည်း ကားမောင်းပြီး ထွက်လာခဲ့တယ်။

ညက အေးစက်လွန်းနေခဲ့တယ်။ ညလေပြင်းတချို့က သစ်ရွက်တွေကို အလိပ်လိုက်သယ်ယူသွားခဲ့တယ်။ လမ်းပေါ်မှာ လူသူကင်းရှင်းနေခဲ့တယ်။ ကံဆိုးသူတချို့တလေက နွေးထွေးတဲ့နေရာတစ်ခုကို အသဲအသန်လိုက်ရှာနေကြတယ်။ အဘွားအိုကို ကျွန်မရှာတွေ့နိုင်မယ်ဆိုတာ ကျွန်မသိနေတယ်။

အဘွားအိုက သူ့နဂိုပုံစံအတိုင်း နွေရာသီဝတ်စုံကို ဝတ်ထားဆဲဖြစ်တယ်။ ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး စောင်အိုထဲ သူတိုးဝင်နေခဲ့တယ်။ လက်တစ်ဘက်က သူ့အဖိုးတန်ပစ္စည်း တွန်းလှည်းစုတ်ကို တင်းတင်းလေး ဆုပ်ကိုင်ထားပြီး စာတိုက်ဘေးက သံဇကာနံရံမှာ ခွေခွေလေးထိုင်နေခဲ့တယ်။

"အကာအကွယ်ရှိတဲ့ နေရာကို သူဘာလို့ မရှာခဲ့ပါလိမ့်"

ကျွန်မစိတ်ထဲ မွမ်းကျပ်နေမိတယ်။ အကာအကွယ်တစ်နေရာမှာ ခိုအောင်းဖို့တောင် မသိနိုင်လောက်အောင် အဘွားအိုရဲ့ စိတ်အာရုံတွေက ပျက်ပြားခဲ့ပြီလား? ကားကို လမ်းဘေးမှာထိုးရပ်ပြီး ကားမှန်ကိုချရင်း ကျွန်မအော်လိုက်တယ်။

"အဘွား.. အဘွား... ဒီမှာ ယူမလား........."

ပြောလက်စ စကားကို ကျွန်မခဏရပ်လိုက်တယ်။ ကျွန်မမျက်စိရှေ့မှာမြင်ရတဲ့ အဘွားအိုက အရင်ကသူတောင်းစာ အဘွားအိုနဲ့ မတူနေသလိုပဲ!

"အဘွား.. အဘွား... ကျွန်မ အစာတချို့ယူလာတယ်။ ကြက်ဆင်နဲ့ ပန်းသီးယိုတွေပါတယ်"

စောင်ထဲကနေ ကျွန်မကို သူလှမ်းကြည့်တယ်။ ပြီးတော့ အောက်သွားနှစ်ချောင်းသာရှိတော့တဲ့ ပါးစပ်နဲ့ ကျွန်မကို စကားတစ်ခွန်းချင်း ရှင်းရှင်းလင်းလင်း ပြန်ပြောခဲ့တယ်။

"စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခု ငါဗိုက်ပြည့်နေတယ်။ ဒီအစာကို တကယ့်လိုအပ်နေတဲ့လူတွေအတွက် ပေးလိုက်ပါ"

အဘွားအိုရဲ့ စကားက ရှင်းလင်းပြတ်သားနေတယ်။ ပုံစံက တည်တည်ငြိမ်ငြိမ် သူ့စကားမှာ ကြင်နာမှုတွေ ပါနေခဲ့တယ်။ စိတ်အာရုံပျက်ပြားနေတဲ့ ပုံစံမျိုး သူ့ဆီမှာ လုံးဝ မတွေ့ခဲ့ဘူး။ ပြောပြီးတာနဲ့ စောင်ထဲ သူ့ခေါင်းတိုးဝင်သွားတယ်။ ကျွန်မတစ်ယောက်တည်း နေရာမှာတင် ငေးကြောင်ပြီး ကျန်နေခဲ့တယ်။

လူတိုင်း ပျော်ရွှင်ခြင်းကို တောင့်တကြတယ်။ ဒါပေမယ့် ပျော်ရွှင်ခြင်းကိုရဖို့ နည်းတစ်နည်းပဲရှိတယ်။ အရှင်းဆုံးပြောရရင် ကိုယ့်စိတ်ခံစားချက်ကို အရင်ပြုပြင်ဖို့ပဲဖြစ်တယ်။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း အနည်းအများ၊ ရာထူးအနိမ့်အမြင့်၊ အလုပ်အကိုင် အဆင့်အတန်းနဲ့ မဆိုင်ပါဘူး။ ---Dale Carnegie

Sunday, October 4, 2009

လူတစ်ဦးရဲ့ အောင်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကိုအောင်နိုင်ခြင်းပါပဲ---

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


(၁)

အောက်ကစာက အင်္ဂလန်နိုင်ငံ Westminsterမှာ မြေမြှုလ်သဂြိင်္ုလ်ထားတဲ့ အင်္ဂလန် ခရစ်ယာန်အသင်းရဲ့ အကြီးအကဲအုတ်ဂူမှာ ရေးထိုးထားတဲ့စာဖြစ်ပါတယ်။ စာက အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်တော်ငယ်ရွယ်စဉ်က ကျန်းမာသန်စွမ်းပြီး ရည်ရွယ်ချက်ကြီးမားသူဖြစ်တယ်။ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အိပ်မက်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲချင်စိတ်ရှိခဲ့တယ်။ ဒါပေမယ့် အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ စာပေဗဟုသုတတွေ တိုးလာတာနဲ့အညီ ကမ္ဘာကြီးကိုပြောင်းလဲဖို့ ကျွန်တော်မစွမ်းနိုင်ဘူးဆိုတာကို သိလာခဲ့တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင် နိုင်ငံကိုပြောင်းလဲမယ်ဆိုပြီး ကျွန်တော့်အိပ်မက်ကို ကျွန်တော်ချုံ့လိုက်တယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်ကလည်း ကြီးလွန်းခဲ့ပြန်တယ်။

လူလတ်ပိုင်းအရွယ်ရောက်တော့ မတတ်တာတဲ့အဆုံးမှာ ကိုယ့်မိသားစုကိုပဲ ပြောင်းလဲဖို့ ကျွန်တော်စိတ်ကူးလိုက်တယ်။ ဒါပေမယ့် လူတိုင်းကို ကျွန်တော်မပြောင်းလဲနိုင်ခဲ့ဘူး။ သူတို့က သူတို့ပင်ကိုယ်စရိုက်အတိုင်း ရှိနေခဲ့တယ်။

တဖြည်းဖြည်း အိုမင်းလာခဲ့မှ သူတစ်ပါးကို မပြောင်းလဲခင် ကိုယ့်ကိုယ် အရင်ပြောင်းလဲပြီး ကိုယ့်ပြောင်းလဲမှုနဲ့ မိသားစုကို အကျိုးသက်ရောက်စေမယ်ဆိုတဲ့ ကိစ္စတချို့ကို ကျွန်တော် သဘောပေါက်နားလည်ခဲ့ရတယ်။

တကယ်လို့ မိသားစုဝင်ရဲ့ စံနမှုနာအဖြစ် ကိုယ့်ကိုယ်အရင်ပြောင်းလဲနိုင်ခဲ့ရင် နောက်တစ်လှမ်းမှာ နိုင်ငံတိုးတက်ပြောင်းလဲဖို့ ကိုယ်လုပ်နိုင်မယ်၊ နောက်ဆုံး ကမ္ဘာကြီးတစ်ခုလုံးကိုလည်း ပြောင်းလဲနိုင်လိမ့်မယ်ဆိုတာ ဘယ်သူသိခဲ့မလဲ?

လူတစ်ဦးရဲ့ အောင်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကိုအောင်နိုင်ခြင်းပါပဲ--- Andreyev

ငယ်ရွယ်၊ လွတ်လပ်
အကန့်သတ်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိပ်မက်ထဲမှာ
``ကမ္ဘာကြီးကို ပြောင်းပစ်မယ်´´ ။
- အသက်ကလေးရလာ
`ပညာ´ဆိုတာ နည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှာ
``ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ . . .´´ ။
- အိပ်မက်ကို ဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
``တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ . . .´´ ။
-ဘ၀ရဲ့ဆည်းဆာချိန်
အိပ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သမီးသားအတွက်
ပေးဆပ်ဖို့ ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
``မိသားစုဟာ ဒီအတိုင်းပါပဲ . . .´´ ။
-သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
``ငါဟာ ငါပဲ၊ ဘာမှ မပြောင်းလဲ . . .´´ ။

ကျော်ဝင်း နှစ်ဆယ့်တစ်ရာစု သားရွှေဥ
(SEAN COVEY – THE 7 HABITS OF HIGHLY EFFECTIVE TEENS) ထဲမှ

တော်ကီဘလော့မှ ကူးယူပါသည်။

Sunday, September 27, 2009

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

''လောကနီတိ''


''လောကနီတိ''

''နီတိ'' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ် ၍ ''လမ်းညွှန်''ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။

  • တောင်တိုင်းတွင်ပတ္တမြားမရှိ။
  • ဆင်တိုင်းတွင် အမြုတေမရှိ။
  • တောတိုင်းတွင် စန္ဒကူးမရှိ။
  • အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ။
  • There is no ruby in every mountain.
  • There is no pearl in every elephant.
  • There is no sandalwood in every forest.
  • There is no sage in every place.
    ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံအရောက်သွားပြီး ပညာကိုကြိုးစား၍ဆည်းပူး သင်ယူရာ၏။
  • One who wants knowledge should get to the wise and learn seriously.

  • စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိ သည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ ရှိ၏။
  • သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟော တတ်ပေသည်။
  • As a drum emits sound when struck the learned responds only when asked.
  • Asked or not, the uneducated speaks too much.

  • ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း။
  • ထို့အတူသူတစ်ပါးလက်ဝယ်၌ ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။
  • Chronicled knowledge shall not be regraded as one's own.
  • Property in the hands of other shall not be regarded as one's own.

  • လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
  • ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
  • Being cultured or not can be known by behavior.
  • Being learned or not can be known by speech.

“ မေတ္တာနှင့်သစ္စာကို ရင်မှာပိုက်ပါလို့. . . ရွေရောင်ဝင်းနေသည့် ကြေးရုပ် ”

မနေ့ကရေးသားခဲ့သော မေတ္တာနှင့်သစ္စာ ပို့စ်လေးနဲ့ပတ်သက်ပြီး သရုပ်ဖော် ဇာတ်လမ်းလေးကို မူရင်း အဓိပ္ပါယ် မပျက်အောင် ဘာသာပြန်ဆိုပြီး လူနှင့်တိရိစ္ဆာန်ကြား မေတ္တာနှင့်သစ္စာတရားများ ထားရှိနိုင်ပုံကို ဖော်ပြလိုက်ပါတယ်. . .

မေတ္တာနှင့်သစ္စာကို ရင်မှာပိုက်ပါလို့. . . ရွေရောင်ဝင်းနေသည့် ကြေးရုပ် ”

မြို့တော်ကို စီးကြည့်နိုင်တဲ့ ကုန်းမြင့်ထက်မျာ ပီတိမင်းသားရဲ့ ကြေးရုပ်ဟာ ကျောက်ခုံမြင့်တစ်ခုပေါ်မှာ မားမားမတ်မတရပ်တည်နေပါတယ်။ ကြေးရုပ်တစ်ခုလုံးကို ရွေရွက်ပါးပါးလွှာကလေးတွေနဲ့ ခြေဆုံးခေါင်းဆုံး စီခြယ်ထားလို့ မင်းသားရဲ့ကြေးရုပ်ဟာ နေရောင်မျာ ၀င်းလက်နေပါတော့တယ်။
မင်းသားရဲ့မျက်လုံးနှစ်လုံးက အဖိုးတန်နီလာနှစ်လုံးပါ။ သူ့ရဲ့ခါးမှာ ချိတ်ထားတဲ့ ဓားရှည်ရဲ့လက်ကိုင်ထိပ်မှာ လည်း ကြီးမားတဲ့ ပတ္တမြားတစ်လုံး တပ်ထားပါတယ်။
ချမ်းအေးတဲ့ညတစ်ညမှာ ပျံလွှားငှက်ငယ်တစ်ကောင်ဟာ မြို့ပေါ်ကိုဖြတ်သန်းပြီး ပျံသန်းလာပါတယ်။ သူ့အဖော် များကတော့ ရာသီပူနွေးတဲ့ အီဂျစ်နိုင်ငံဆီ ပျံသန်းသွားနှင့်ကြပြီ။ သူတစ်ဦးသာလျှင် မြစ်ကမ်းပါးက ခါးသွယ်တဲ့ မြက်ပင်မယ်ကို ချစ်ခင်တွယ်တာမိလို့ နောက်ချန်ကျန်ရစ်ခဲ့တာပါ။
“သည်နေ့ည ငါဘယ်မှာ နားခိုရပါ့မလဲ သည်မြို့ကြီးမှာ ငါတည်းခိုစရာနေရာ အများကြီးရှိပါ လိမ့်မယ်။ ဟော . . တွေ့ပြီ ဟိုး . . ကုန်းမြင့်ထက်က ကြေးရုပ်ဆီမှာ လေကောင်းလေသန့်လဲရတယ်။ ဘေးအန္တရယ်လည်း ကင်းဝေးတယ်.. . . အဲသည်မှာငါ ခိုနားမှာပဲ . . . ”
ပျံလွှားငှက်ငှယ်ဟာ ရွှေရောင်ဝင်းနေတဲ့ ပီတိမင်းသားရဲ့ခြေဖမိုးထက်မှာ ဆင်းသက်ခိုနား လိုက်ပါတယ်. . . “သည်တစ်ညတော့ ငါရွေအိပ်ရာထက်မှာ အိပ်စက်ရမှာ ပါလား။ ငါတော်တော်ကံကောင်းတာပဲ. . . . ”

ထူးဆန်းသည့်မျက်ရည်တစ်စက်.

ပျံလွှားငှက်ငယ်ဟာ ကျေနပ်စွာ နှလုံးသွင်းလိုက်ပြီးတော့ အိပ်စက်ဖို့ပြင်ဆင်လိုက်ပါတယ်.. . သူ့ရဲ့ဦးခေါင်းကို အတောင်ပံတစ်ဘက်အောက်မှာ လျှို့ဝှက်ဖို့အပြုမှာ. . . . ရေစက်ကြီးတစ်ပေါက်ဟာ သူ့ကိုယ်ပေါ်သို့ ဖောက်ခနဲ ကျလာပါတယ်. . .
“ဟင် . . . တယ်ထူးဆန်းပါလား. . ကနေ့ညမှာ ကောင်းကင်တစ်ခုလုံး ကြယ်ရောင်လရောင်နဲ့လင်းလို့. . . ဘယ်မိုးတိမ်မှာလဲမရှိဘဲနဲ့ ဘာကြောင့်မိုးတိမ်စက်ကြီး ကျလာရသလဲ. . . ဥရောပမြောက်ပိုင်းရဲ့ ရာသီဥတုဟာ သိပ်ဆိုးဝါးတာပဲ. . . . ”
ထိုကအခိုက်တွင်. ဒုတိယရေစက်ကြီးတစ်ပေါက် ဟာ ငှက်ငယ်ရဲ့ ကိုယ်ပေါ်သို့ ဖောက်ခနဲကျလာပြန်တယ်။
“အင်း…သည်နေရာက ရွှေရောင်ဝင်းနေပေမယ့် မိုးစက်တွေကိုမှ မကာကွယ်ပေးနိုင်ရင် ဘာများ အသုံးကျမှာလဲလို့ ငါတစ်ခြားတစ်နေရာမှာ သွားတည်းခိုတာကောင်းပါလိမ့်မယ်….. ”
ငှက်ငယ်ဟာ. လျှို့ဝှက်ထားတဲ့ ဦးခေါင်းကိုထုတ်ပြီး အတောင်ပံနှစ်ဘက်ကိုဖြန့်ကာ ထပျံတော့မယ်အလုပ်မှာ တတိယ အကြိမ်ရေစက်ကြီးတစ်ပေါက် သူ့ကိုယ်ပေါ်သို့ ကျလာပြန်တယ်… “အင်း….” လို့ အာမေဍိတ်သံပေးပြီး ငှက်ငယ်ဟာ အပေါ်ကို မော့ကြည့်လိုက်ပါတယ်.. . . . .

ဝမ်းနည်းပူဆွေးခြင်းကို မသိခဲ့သော ပီတိမင်းသား

ပီတိမင်းသားရဲ့မျက်ဝန်းအစုံဟာ မျက်ရည်များနဲ့ပြည့်လျှံနေပြီးတော့ မျက်ရည်ဥတို့က တစ်လုံးပြီးတစ်လုံး သူ့ရဲ့ ရွှေပါးပြင်ပေါ်မှ လိမ့်ဆင်းနေကြတယ်။ လရောင်ဖွေးဖွေးအောက်မှာ သူ့မျက်နှာက လှလွန်းလို့ ပျံလွှားငှက်ငယ် က သနားလာမိတယ်။
"သင်ဟာ ဘယ်သူလည်း . . ငှက်ငယ်ကမေးလိုက်တယ်.. . ."
"ငါက . . . . ပီတိမင်းသားပါ. . ."
"နို့ . . သင်ဘာကြောင့် ငိုနေရတာလဲ . . . သင့်မျက်ရည်တွေကြောင့် ကျုပ်ကိုယ်တောင် . . . ရွှဲရွှဲစိုကုန်ပြီ. . . " "င့ါ ကိုခွင့်လွှတ်ပါ ငှက်ငယ်လေးရယ်. . . ငါအသက်ရှင်နေတုန်းက ၀မ်းနည်းပူဆွေးခြင်းကို ငါမသိခဲ့ဘူး. . . ငါက စန်စူစီမြို့ရဲ့ နန်းတော်ထဲကို ၀မ်းနည်းပူဆွေးခြင်းဆိုတာကို ၀င်ရောက်ခွင့်မပြုဘူးး. . . နေ့အခါမှာ စိမ်းလန်းတဲ့ဥယာဉ်ထဲမှာ အပေါင်းအဖော်တွေနဲ့ ငါကစားရတယ်။ နေ၀င်ချိန်ရောက်လာတော့ နန်းတော်ရဲ့ ခန်းမဆောင်ကြီးမှာ ကပွဲကို ငါဦးဆောင်ရတယ်. . . ငါ့ဘ၀ဟာ ပျော်စရာအတိဖြစ်နေလို့ ငါသိပ်ပျော်ခဲ့တာပေါ့ ကွယ်. . . ဒါကြောင့် နန်းတွင်းသားများက ငါ့ကို ပီတိမင်းသားလို့ ခေါ်ဆိုကြတယ်လေ. . ."
"ဒါပေမယ့် . . . ခုတော့ငါသေပြီလို့ သည်ကုန်းမြင့်ထက်မှာ င့ါကိုတင်ထားကြတော့ င့ါမြို့တော်ရဲ့ အကျည်းတန် တဲ့ရှုကွက်တွေနဲ့ ကြေကွဲစရာကောင်းတဲံ မြင်ကွင်းတွေကို ငါအထင်းသား . . . မြင်နေရတာပေါ. . ဒါကြောင့်လေ ငါ့ရဲ့ နှလုံးသားကို ခဲသတ္တုနဲ့လုပ်ထားပေမယ့် . . ငါမဖြေဆည်နိုင်ပါဘူးကွယ်. . ..ဒါကြောင့် ငါငိုနေရတာပေါ့." "အင်း . . ငါက သူရွှေအတိလို့ထင်နေတာ . . . သူ့နှလုံးသားက ခဲတဲ့. . . ပျံလွှားငှက်ငယ်က သူ့ကိုယ်သူ ပြောလိုက်တယ်. . . ယဉ်ကျေးသူပီပီ မင်းသားရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို မမေးကောင်းဘူးလို့ သူတွေးလိုက် တယ်.. . .. ."

မေတ္တာစေတမန်ငှက်ငယ်


“ ဟို. . . အဝေးကြီးမှာ . . ” ပီတိမင်းသားက ဂီတလိုသာယာတဲ့ အသံတိုးတိုးနဲ့ဆက်ပြောပါတယ်။ “ ဟိုး. . အဝေးကြီးက လမ်းကြားကလေး တစ်ခုမှာ ဆင်းရဲသူမတစ်ယောက်ရဲ့ အိမ်တစ်အိမ်ရှိတယ် ။ အိမ်ရဲ့ပြတင်း ပေါက် တစ်ခုကိုကျော်ဖြတ်ပြီးတော့ စားပွဲမှာ မိန်းကလေး တစ်ယောက်ထိုင်နေတာ ကို ငါတွေ့ရတယ် . . သူမရဲ့မျက်နှာက ပိန်လှီခြောက်တွန့်ြီ့း သောက လှိုင်းတွေထနေပါတယ် . . . သူမရဲ့လက်ဖ၀ါးတွေက ကြမ်းတမ်း လို့ပဲ. . ပြီးတော့ အပ်ထိုးထားမိတဲံ ဒဏ်ရာတွေမှာ သွေးခြေတွေဥနေလို့ တျာတျာနီနေတယ်. . သူမက အပ်ချုပ်သည်လေ. . . မကြာခင် ဘုရင်မရဲ့ အလှဆုံး အပျိုရံတောလကလေး ၀တ်ဖို့အတွက် ၀တ်ရုံရှည်ပေါ်မှာ မေတ္တာပန်းကလေးတွေကို ထိုးသီပေးနေတာလေ. . ၀တ်ရုံကိုလာမယ့် ကပွဲကြီးမှာ ၀တ်ဆင်ရမှာမို့ အပ်ချုပ်သူမ က မနားတမ်း ချုပ်နေရတာ…… ”

“ အခန်းထောင့်မှာ ရှိတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အိပ်ရာ ထက်မှာတော့ သူမရဲ့ သားလေး လျောင်းအိပ်နေပါတယ်. . ဖျားပြီး ကိုယ်ပူနေရှာတယ်. . ဆာလွန်းလို့လဲ တတွတ်တွတ်ငိုနေရှာတယ် . . သူ့မိခင် ကသူ့ကို တိုက်ကျွေးဖို့ နို့ရည်လည်းမရှိဘူး. . . ဆေးလည်းမရှိဘူး . . မြစ်ရေကိုပဲ တိုက်ပေးထားရတယ်လေ. . ပျံလွှားငှက်ငယ်ရယ် င့ါဓားရှည်လက်ကိုင်က ပတ္တမြားကို ဖြုတ်ယူပြီး ကလေးမိခင်ကို သွားပေးပါလားကွယ်…”

ငှက်ငယ်လေးက“ အရှင်မင်းသား . . ကျွန်တော့အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြတယ်. . မနက်ဖြန်ခါကျရင် သူတို့တတွေ နိုင်းလ် မြစ်ဝှမ်းအတိုင်း ပျံသန်းပြီး ကြာပန်းတွေနဲ့ စကားပြောကြလိမ့်မယ်.. ကျွန်တော်လည်း သူတို့နဲ့အတူလိုက်ပါချင်ပါတယ်. . . ” လို့ပြောတာပေါ..

မင်းသားလေး က “ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညတာခိုနားပြီး ငါ့ရဲ့ စေတမန်လုပ်ပေးပါလာကွယ်. . . ” လို့ပြောတော့ မင်းသားရဲ့ မျက်နှာက အလွန်ညှိုးငှယ်နေတဲ့အတွက် ပျံလွှားငှက်ငယ် က စိတ်မကောင်းဖြစ် မိတယ်… ငှက်ငယ်လေး က “ ‘ဒီနေရာကသိပ်ချမ်းပါတယ် ဒါပေမယ့် ကျွန်တော် တစ်ညတာ ဒီမှာနေပြီးတော့ အရှင်မင်းသားရဲ့ စေတမန် အဖြစ်ဆောင်ရွက်ပေးပါ့မယ် လို့”. ပြောလိုက်ပါတယ်.. မင်းသားလေးက “ ကျေးဇူးပဲ ပျံလွှားငှက်ငယ်ရယ်. . ကျေးဇူးပဲ. . .”

ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့ ဓားရှည်လက်ကိုင်ပေါ်က ပတ္တမြားလုံးကြီးကို ဆွဲနုတ်ပြီး သူ့နှုတ်သီးမှာ ကိုက်ချီပြီးတော့ မြို့ပေါ်က ပျံသန်းသွားပါတယ်… အိမ်ခေါင်မိုးတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးတဲ့ အခါ မြို့ တစ်ဖက်စွန်းက ဆင်းရဲသူမရဲ့ အိမ်သို့ရောက်လာပါတယ်. . ဆင်းရဲသူမ က စားပွဲပေါ်မှာ အိပ်ပျော်နေရှာပါတယ်… ဒါနဲ့ငှက်ငယ်က ပတ္တမြားလုံးကြီးကို စားပွဲပေါ်က အပ်ချည်လုံးတွေဘေးမျာ ချထားပေး လိုက်တယ် အဲသည်နောက် သားငယ်ကို ပျံလွှားငှက်ငယ်ကြည့်လိုက်တော့ သားငယ်ကမအိပ်နိုင်ပဲ လူးလှိမ့်နေ တာကို တွေ့ရတယ်.. . ဒါကြောင့်သူ့တောင်ပံလေးတွေနဲ့ ယပ်တောင်သဖွယ် ခပ်ပေးသတဲ့ . .

“အင်း . မေမေ ယပ်ခပ်ပေးလို့ အေးနေတာပဲ” . . သားငယ်က အဲလိုယူဆပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်.. . မိုးလင်းတော့ ပျံလွှားငှက်ငယ်က မြစ်ဆီသို့ ပျံသွားပြီးရေချိုးတယ်.. . “ကနေ့ညတော့ ငါအီဂျစ်ကို အရောက်သွားတော့မယ်” လို့ မြူးပျော်နေပါတယ်.. . .


ဖြူစင်၍ ကြင်နာတတ်သော နှလုံးသားပိုင်ရှင်


စန္ဒာလမင်းထွန်းလင်းလာတဲ့အခါမှာတေ့. ပီတိမင်းသားဆီပျံသွားပြီး . “ အရှင်မင်းသား အီဂျစ်နိုင်ငံကို မှာစရာ ကိစ္စများရှိပါသလား . . ကျွန်တော့ အခု ခရီးစထွက်ပါတော့မယ်... “ပျံလွှားငှက်ငှက်ရယ် ငါ့ထံပါးမှာ တစ်ညလောက် ထပ်မနေနိုင်ဘူးလားကွယ်…”

“ကျွန်တော့ အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြပါတယ်.. မနက်ဖြန်ကျရင် နိုင်းလ်မြစ်ဝှမ်းဘေးက လယ်ခင်းတွေမှာ စပါးနှံတွေကို တပျော်တပါး ကောက်စားကြလိမ့်မယ် ”

“ပျံလွှားငှက်ငယ်ရယ် . ဟိုးမြို့တစ်ဘက်စွန်းနားက အိမ်တစ်ဆောင်ရဲ့ အမိုးအောက်မှာ အခန်းကျဉ်းထဲမှာ လူငယ်တစ်ယောက်ကို ငါတွေ့ရတယ်…သူ့ရဲ့မျက်လုံးတွေက ကျယ်ဝန်းပြီးစိတ်ကူးစိတ်သန်းများနဲ့ ရီဝေနေကြ တယ်. သူက ပြဇာတ်တစ်ပုဒ်ရေးနေတာကွယ့်. . ပြဇာတ်က အဆုံးမသတ်ရသေးဘူး သူသိပ်အေးလွန်းလို့ ဆက်မရေးနိုင်ဘဲ ခိုက်ခိုက် တုန်နေရှာပါတယ်… ”

ဖြူစင်ပြိး ကြင်နာတတ်တဲ့ပျံလွှားငှက်ငယ်လေးက သနားစိတ်ဝင်လာပြီး “ကောင်းပါပြီ အရှင်မင်းသား၊ အရှင်မင်းသားရဲ့ စေတမန်အဖြစ် ကျွန်တော်တစ်ညထပ်မံပြီး တာဝန်ထမ်းဆောင်ပါ့မယ် . . . .”

“ဒါဆိုရင် ငါ့မျက်ဝန်းထဲက နီလာ ၂လုံးရှိပါသေးတယ်.. . အမောင် နီလာမျက်လုံးတစ်လုံးကို ဖြုတ်ယူပြီးတော့ ဟိုလူငယ် ဆီပို့ပေးပါလိုက်ပါကွယ်…

“အို. . အရှင်မင်းသား သင့်မျက်လုံးများကို ကျွန်တော်မဖြုတ်ရက်ပါ.. ပျံလွှားငှက်ငယ်က ၀မ်းနည်းလှိုက်လှဲစွာ ပြောပြီး မျက်ရည်တွေရစ်ဝဲလာပါတယ် ”

“ပျံလွှားငှက်ရယ် ငါအမိန့်ပေးသလို ဆောင်ရွက်စမ်းပါကွယ်…. ” ဒါကြောင့်ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့မျက်လုံးကို ဖြုတ်ယူပြီးတော့ လူငယ်ရဲ့ အခန်းဆီသို့ ပျံသွားတယ်. လူငယ်က သူ့လက်ပေါ်မှာ ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ အတွက် ငှက်ငယ်ရဲ့ အတောင်ပံရိုက်ခတ်သံကို မကြားရဘူးပေါ.. သူ့မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ စားပွဲပေါ်က တောက်ပနေတဲ့ နီလာလုံးကြီးကို တွေ့ရတာပေါ. .. “ငါ့ကို ချီးမွမ်းတဲ့ လူပေါ်လာ ပြီ သည်ကျောက်ကို ငါ့ကို ချီးမွမ်းတဲ့လူက ပေးလိုက်တာဖြစ်မှာပဲ. ငါ့ရဲ့ ပြဇာတကို ပြီးအောင် ဆက်ရေး နိုင်တော့မယ်လို့ပြောပြီး ” အိပ်ပျော်သွားတာပေါ..

အငိုတိတ်သွားသော ကလေးငယ်

နောက်တစ်နေ့ မိုးသောက်တဲ့အခါပျံလွှားငှက်ငယ်က မြစ်ဆိပ်သို့ ပျံသွားပြီးရေချိုးတယ်။ ပြီးတော့ "ငါအီဂျစ်နိုင်ငံ ကိုသွားတော့မယ်ဟေ့လို့ "ဟစ်ကြွေးလိုက်ပါတယ်...မိုးချုပ်ပြီး လမင်းပေါ်ထွက်လာတဲ့အခါမှာ ပီတိမင်းသားထံ ပျံလွှားငှက်ငယ် ပျံသွားပါတယ်... "အရှင်မင်းသား . . . ကျွန်တော်နှုတ်ဆက်ဖို့လာခဲ့တာပါ... ကျွန်တော် ကနေ့ည အီဂျစ်ကိုသွားတော့မယ်. . . . " "ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညလောက်ခိုနားပါဦးလားကွယ်. . "
"ဆောင်းရာသီရောက်နေပြီသခင်ရဲ့၊ အီဂျစ်နိုင်ငံမှာနေရောင်တွေက ပူနွေးတယ်. . . ထန်းပင် အုန်းပင်များ ထက်မှာ ကျွန်တောတို့ခိုနားပြီး နေစာလှုံနိုင်တယ်. . . ကျွန်တော်တို့ရဲ့အဖော်တွေက ဘားလတက် ဘုရားရှိခိုးကျောင်းရဲ့ အမိုးထက်မှာ အသိုက်တွေဆောက်ကြမယ်. . . ကျွန်တော်လည်း ၀ိုင်းကူဆောက် ပေးရမှာပါ.. ကျွန်တော်ဆက်နေလို့မဖြစ်တော့ ဘူး အရှင်မင်းသားရဲ့ . . " လို့ပြောတယ်. . .
မင်းသား က "ပျံလွှားငှက်ငယ် . . ဟိုးကုန်းမြင့်အောက်က စတုရန်းကွက်မြက်ခင်းပေါ်မှာ ကလေးမတစ်ယောက မတ်တတ်ရပ်ပြီးငိုနေရှာတယ်. . . သူ့ဖခင်က သူ့ကိုမီးခြစ်တွေရောင်းခိုင်းလိုက်တာ. . . မီးခြစ်တွေက ရေမြောင်းထဲ ကျသွားလို့ ပျက်စီးကုန်ပြိး ငွေမပါဘဲ အိမ်ပြန်သွားရင် သူ့အဖေကသူ့ကို ကြိမ်လုံးနဲ့ရိုက်တော့မယ်ကွယ့် . . ဒါကြောင့်သူငိုနေတာ.. ကျန်နေတဲ့ ငါ့နီလာမျက်လုံး တစ်လုံးကိုဖြုတ်ယူပြီး ကလေးမကို ပေးလိုက်ပါ. . ငှက်ငယ်ရယ် . . နီလာလုံးပါလာရင် သူ့ဖခင်က ၀မ်းသာပြီး သမီးကိုဖက်လှဲ တကင်း ကြိုဆိုမှာပေါ့ကွယ်.."
"ငှက်ငယ်က ကောင်းပါပြီ အရှင်မင်းသား . . . ကျွန်တော်သည်မှာ တစ်ညထပ်မံပြီးခိုနားပါမယ်. . . ဒါပေမယ့်အရှင်မင်းသားရဲ့ ကျန်နေတဲ့မျက်လုံးကို ကျွန်တော်မဖြုတ်ရက်ဘူး.. ဖြုတ်လိုက်ရင် အရှင်မင်းသား အကန်းဖြစ်သွားမှာပေါ့ . . . " "ပျံလွှားငှက်ငယ် . . ငါအမိန့်ပေးသလိုလုပ်စမ်းပါကွာ...... "ငှက်ငယ်က မလွဲသာတော့ ဘဲ နီလာမျက်လုံးကို ဖြုတ်ယူလိုက်ရတယ်. . . ပြီးတော့ အရှိန်နဲ့ပျံဆင်းသွားပြီး ကလေးမရဲ့လက်ထဲကို နီလာလုံး ထည့်ပေးလိုက်တယ်....
"ဟင်. . .သိပ်လှတဲ့ ဖန်လုံးလေးပါလား ဖေဖေ့ကို ငါပြန်ပြမယ်. . " ကလေးမလေးကအငိုတိတ်ပြိး မြူးမြူးကြွကြွနဲ့ အိမ်သို့ပြန်ပြေးသွားပါတယ်. . . သူ့အဖေက နီလာလုံးမှန်းသိတော့ သမီးကိုဖက်ထားတာပေါ့ . . .

သစ္စာရှိသော ပျံလွှားငှက်ငယ်

ပျံလွှားငှက်ငယ်က အဲသည်အဖြစ်ကလေးကို လိုက်ကြည့်ပြီးမြင်လိုက်ရတော့ သိပ်ပျော်သွားတယ် ပြီးတော့ မင်းသားထံ ပြန်လာတယ်. . . "အရှင်မင်းသား သခင်က မျက်စိနှစ်ဘက်လုံး ကန်းနေပြီမို့ သခင်နားမှာပဲ ကျွန်တော် အမြဲနေပါတော့မယ်. . . " မင်းသားက "မဖြစ်ဘူး ပျံလွှားငှက်ငယ်ရဲ့ . . ရာသီဥတုပူနွေးတဲ့ အီဂျစ်နိုင်ငံကို မင်းသွားမှဖြစ်မယ်. . " " ဟင့်အင်း အရှင်မင်းသားနဲ့ပဲ အမြဲအတူနေမယ် " လို့ပြောပြီး ငှက်ငယ်က မင်းသားရဲ့ ခြေဖမိုးထက်မှာ နားဝပ်ပြိး အိပ်စက်ပါတော့တယ်.. .
နောက်နေ့မှာ မင်းသားရဲ့ပခုံးပေါ်မှာ နားပြီးသူမြင်တွေ့ခဲ့တဲ့ အဖစ်တွေကို တစ်နေကုန်ပြောပြပါတယ်. . . အဲဒီမှာ မင်းသားက "ချစ်ဖွယ်ကောင်းတဲ့ ပျံလွှားငှက်ငယ် အမောင်ပြောတဲ့အကြောင်းအရာတွေထက် အံ့သြစရာကောင်း တာက ယောကျာ်းများနှင့် မိန်းမများ ခံစားနေရတဲ့ ဒုက္ခများ အကြောင်းပေါ... သင် ငါတို့မြို့ပေါ်ကို အမောင်ပျံသွားပါ. . ဘာတွေမြင်ရသလဲဆိုတာ ငါ့ကို ပြောပြနော် လို့ပြောသတဲ့.. . "
ပျံလွှားငှက်လေးလည်း မြို့ကြီးပေါ်ကို ပျံသွားလိုက်ကြည့်တယ်. . . ချမ်းသားတဲ့လူတွေက ကလှပတဲ့ အိမ်ကြီးထဲမှာ ပျော်၂ရွင်၂ ခံစားနေခိုက်မှာ သူတောင်းစားများက သူတို့အိမ်ဝမှာ ရပ်စောင့်နေတာကိုတွေ့ရတယ်.. . မှောင်နေတဲ့လမ်းကြားမှာ အာဟာရပြတ်ပြိး မျက်နှာဖြူဖပ်ဖြူရော်နဲ့ တစာစာ ငိုကြွေးနေတဲ့ ကလေးတွေကိုတွေ့ရတယ်. . .
ဆင်းရဲသူများအတွက် ရွှေရွက်လွှာ
အဲသည်နောက်မျာ ပျံလွှားငှက်ငယ်က မင်းသားထံ ပျံသွားပြီး သူမြင်တွေ့ရခဲ့သမျှကို ပြောပြတယ်..
"ပျံလွှားငှက်ငယ် . . ငါ့တစ်ကိုယ်လုံးဟာ အဖိုးတန် တဲ့ရွှေရွက်လွှာတွေနဲ့ ဖုံးအုပ်ထားပါတယ်. . . အဲသည့်ရွှေရွှက်လွှာ တွေကို အမောင်ခွာယူပြီး တော့ ငါ့မြို့တော်က ဆင်းရဲသားတွေကို ဝေငှပေးလိုက်ပါကွယ်... "
ပျံလွှားငှက်ငယ်ဟာ မင်းသားအမိန့်ရှိသည့်အတိုင်း မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာများကို တစ်ရွက်ပြီးတစ်ရွက် ခွာယူတယ် . . . ပြီးတော့ဆင်းရဲသားတွေကို လိုက်လံဝေငှပေးတယ်. . အာဟာရဓာတ်ပြည့်ဝလာကြတဲ့ ကလေးတွေရဲ့မျက်နှာကလေး များ ဟာ နှင်းဆီသွေးရောင်သန်းလာကြတယ်. . . ပြီးတော့ ကလေးတွေ လမ်းပေါ်မှာ မြူးတူးကစားကြတယ်. . . ကြာလာတဲ့အခါမှာ မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာတွေ ကုန်ပါရော. . အဲသည် တော့ မင်းသားကြေးရုပ်ဟာ ကိုယ်ရောင်ကိုယ်ဝါမတောက်ပတော့ ဘဲ မွဲပြာရောင်ပေါက်ပြီး မှိန်နေတာပေါ့. ...
ဒါနဲ့ ဆောင်းရာသီရောက်လာလို့ နှင်းပန်းနှင်းပွင့်တွေ အဖတ်လိုက် ဝေကျလာကြတယ် . . . ပျံလွှားငှက်ငယ်က ချမ်းရှာလွန်းလို့ ခိုက်ခိုက်တုန်နေပါတယ်. . ဒါပေမယ့် သူချစ်တဲ့ ပီတိမင်းသားနဲ့ သူမခွဲနိုင်ဘူးတဲ့. . . ပေါင်မုန့်ဖိုရဲ့ တံခါးအပြင်ဘက်မှာ စွန့်ပစ်ထားတဲ့ ပေါင်မုန့်အစအနလေးများကို ကောက်ယူစားသောက်ပြီး သူ့ကိုယ်သူနွေးအောင်. အတောင်ပံနှစ်ဘက်ကို ရိုက်ခတ်ရှာတယ်. . . သို့ပေမယ့် ရာသီဥတုကအေးလွန်းတော့ လွန်ကဲတဲ့ အအေးဒဏ်ကို သူမတွန်းလှန်နိုင်ဘူး . . . သူ့အင်အားက ကုန်ခန်းလာပြီ. . . သူ့သွေးကလည်း . . အေးစက်လွန်းလို့ ခဲလာနေပြီ . . သူ့ရဲ့နောက်ဆုံး အချိန်က နီးကပ်လာပြီဆိုတာကို ပျံလွှားငှက်ငယ် သိလိုက်ပါပြီ . . .

နောက်ဆုံးနုတ်ဆက်ခဲ့ပါတယ်

ဒါကြောင့်ရှိသမျှခွန်အားလေးကို အသုံးပြုပြီး ပီတိမင်းသားရဲ့ ပခုံးပေါ်ကို သူနောက်ဆုံး အကြိမ်အဖြစ် ပျံတက်လိုက် ပါတယ်. . . "အရှင်မင်းသား ကျွန်တော်သွားတော့မယ်နော် "ပျံလွှားငှက်ငယ်က နောက်ဆုံး နုတ်ဆက် တဲ့အနေနဲ့ တိုးတိုးလေး နှုတ်ဆက်လိုက်ပါတယ်. . .
"ပျံလွှားငှက်ငယ်ရယ် . . . အခုလို အချိန်မနှောင်းခင်လေး မှာ အီဂျစ်နိုင်ငံဆီသို့သွားဖို့ အမောင်ဆုံးဖြတ်လိုက် တာ ငါသိပ်ဝမ်းသာပါတယ် ကွယ်. . . အမောင် ဒီမျာ နေတာကြာလွန်းလို့ ရာသီတောင် သိပ်အေးနေပြီကွယ့် .. မသွားခင် ကလေးမှာ င့ါရဲ့ နှုတ်ခမ်းတွေကို နမ်းသွားပါဦးကွယ်. . ငါက အမောင်ကို သိပ်ချစ်တာ. . . "
"ကျွန်တော်သွားရမှာက အီဂျစ်နိုင်ငံဆီမဟုတ်ပါဘူး သခင်ရယ် ကျွန်တော် က သေခြင်းရဲ့ အိမ်ကို သွားရမှာပါ. . သေခြင်းဆိုတာလည်း အိပ်ပျော်ခြင်း ရဲ့ အစ်ကိုပဲမဟုတ်လား . . . " အဲလိုပြောပြီးတော့ ငှက်ငယ် က ခွန်အားအကုန်စိုက်ထုတ်ပြီး မင်းသားရဲ့နှုတ်ခမ်းကို နမ်းလိုက်ပါတယ်. . . နမ်းရှုပ်ပြီးလို့ ပျံလွှားငှက်ငယ်ရဲ့ ဇီဝိန် ပြတ်ကြွေသွားလို့ ငှက်ငယ်ရဲ့ ကိုယ်ခန္ဓာဟာ မင်းသားရဲ့ခြေရင်းသို့ပြုတ်ကျသွားတော့တယ်...

ဇာတ်သိမ်း ကိုဆက်ဖတ်ပါရန်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဆင်းရဲသူများအတွက် ရွှေရွက်လွှာ

ဆင်းရဲသူများအတွက် ရွှေရွက်လွှာ
အဲသည်နောက်မျာ ပျံလွှားငှက်ငယ်က မင်းသားထံ ပျံသွားပြီး သူမြင်တွေ့ရခဲ့သမျှကို ပြောပြတယ်..
"ပျံလွှားငှက်ငယ် . . ငါ့တစ်ကိုယ်လုံးဟာ အဖိုးတန် တဲ့ရွှေရွက်လွှာတွေနဲ့ ဖုံးအုပ်ထားပါတယ်. . . အဲသည့်ရွှေရွှက်လွှာ တွေကို အမောင်ခွာယူပြီး တော့ ငါ့မြို့တော်က ဆင်းရဲသားတွေကို ဝေငှပေးလိုက်ပါကွယ်... "
ပျံလွှားငှက်ငယ်ဟာ မင်းသားအမိန့်ရှိသည့်အတိုင်း မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာများကို တစ်ရွက်ပြီးတစ်ရွက် ခွာယူတယ် . . . ပြီးတော့ဆင်းရဲသားတွေကို လိုက်လံဝေငှပေးတယ်. . အာဟာရဓာတ်ပြည့်ဝလာကြတဲ့ ကလေးတွေရဲ့မျက်နှာကလေး များ ဟာ နှင်းဆီသွေးရောင်သန်းလာကြတယ်. . . ပြီးတော့ ကလေးတွေ လမ်းပေါ်မှာ မြူးတူးကစားကြတယ်. . . ကြာလာတဲ့အခါမှာ မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာတွေ ကုန်ပါရော. . အဲသည် တော့ မင်းသားကြေးရုပ်ဟာ ကိုယ်ရောင်ကိုယ်ဝါမတောက်ပတော့ ဘဲ မွဲပြာရောင်ပေါက်ပြီး မှိန်နေတာပေါ့. ...
ဒါနဲ့ ဆောင်းရာသီရောက်လာလို့ နှင်းပန်းနှင်းပွင့်တွေ အဖတ်လိုက် ဝေကျလာကြတယ် . . . ပျံလွှားငှက်ငယ်က ချမ်းရှာလွန်းလို့ ခိုက်ခိုက်တုန်နေပါတယ်. . ဒါပေမယ့် သူချစ်တဲ့ ပီတိမင်းသားနဲ့ သူမခွဲနိုင်ဘူးတဲ့. . . ပေါင်မုန့်ဖိုရဲ့ တံခါးအပြင်ဘက်မှာ စွန့်ပစ်ထားတဲ့ ပေါင်မုန့်အစအနလေးများကို ကောက်ယူစားသောက်ပြီး သူ့ကိုယ်သူနွေးအောင်. အတောင်ပံနှစ်ဘက်ကို ရိုက်ခတ်ရှာတယ်. . . သို့ပေမယ့် ရာသီဥတုကအေးလွန်းတော့ လွန်ကဲတဲ့ အအေးဒဏ်ကို သူမတွန်းလှန်နိုင်ဘူး . . . သူ့အင်အားက ကုန်ခန်းလာပြီ. . . သူ့သွေးကလည်း . . အေးစက်လွန်းလို့ ခဲလာနေပြီ . . သူ့ရဲ့နောက်ဆုံး အချိန်က နီးကပ်လာပြီဆိုတာကို ပျံလွှားငှက်ငယ် သိလိုက်ပါပြီ . . .

နောက်ဆုံးနုတ်ဆက်ခဲ့ပါတယ်

ဒါကြောင့်ရှိသမျှခွန်အားလေးကို အသုံးပြုပြီး ပီတိမင်းသားရဲ့ ပခုံးပေါ်ကို သူနောက်ဆုံး အကြိမ်အဖြစ် ပျံတက်လိုက် ပါတယ်. . . "အရှင်မင်းသား ကျွန်တော်သွားတော့မယ်နော် "ပျံလွှားငှက်ငယ်က နောက်ဆုံး နုတ်ဆက် တဲ့အနေနဲ့ တိုးတိုးလေး နှုတ်ဆက်လိုက်ပါတယ်. . .
"ပျံလွှားငှက်ငယ်ရယ် . . . အခုလို အချိန်မနှောင်းခင်လေး မှာ အီဂျစ်နိုင်ငံဆီသို့သွားဖို့ အမောင်ဆုံးဖြတ်လိုက် တာ ငါသိပ်ဝမ်းသာပါတယ် ကွယ်. . . အမောင် ဒီမျာ နေတာကြာလွန်းလို့ ရာသီတောင် သိပ်အေးနေပြီကွယ့် .. မသွားခင် ကလေးမှာ င့ါရဲ့ နှုတ်ခမ်းတွေကို နမ်းသွားပါဦးကွယ်. . ငါက အမောင်ကို သိပ်ချစ်တာ. . . "
"ကျွန်တော်သွားရမှာက အီဂျစ်နိုင်ငံဆီမဟုတ်ပါဘူး သခင်ရယ် ကျွန်တော် က သေခြင်းရဲ့ အိမ်ကို သွားရမှာပါ. . သေခြင်းဆိုတာလည်း အိပ်ပျော်ခြင်း ရဲ့ အစ်ကိုပဲမဟုတ်လား . . . " အဲလိုပြောပြီးတော့ ငှက်ငယ် က ခွန်အားအကုန်စိုက်ထုတ်ပြီး မင်းသားရဲ့နှုတ်ခမ်းကို နမ်းလိုက်ပါတယ်. . . နမ်းရှုပ်ပြီးလို့ ပျံလွှားငှက်ငယ်ရဲ့ ဇီဝိန် ပြတ်ကြွေသွားလို့ ငှက်ငယ်ရဲ့ ကိုယ်ခန္ဓာဟာ မင်းသားရဲ့ခြေရင်းသို့ပြုတ်ကျသွားတော့တယ်...

ဇာတ်သိမ်း ကိုဆက်ဖတ်ပါရန်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ထူးခြားဆန်းကြယ်သော နှလုံးသား

ထူးခြားဆန်းကြယ်သော နှလုံးသား

အဲသည်အခိုက်အတန့်မှာ ကြေးရုပ်ရဲ့ ရင်ဘတ်အတွင်းဘက်က တစ်စုံတစ်ရာ ကြေကွဲသွားသလို "ဖျပ်" ဆိုတဲ့ အသံထွက်ပေါ်လာပြီးတော့ ကြေးရုပ်ဟာ ဦးခေါင်းထက်ကနေ ပေါင်ခြံရင်းအထိ ထူးထူးဆန်းဆန်း ကွဲအက်သွားပါ တော့တယ်. . . အအေးဓာတ်ပဲ လွန်ကဲသွားလွန်းလို့လား . . စကားပြောတတ်တဲ့ မင်းသားရုပ်တုက စိတ်ထိခိုက်လွန်းလို့ နှလုံးသား ကွဲသွားပြီးတော့ ရင်သားပါကွဲအက်သွားလေသလား . .
နောက်တစ်နေ့နံက်မှာ မြို့တော်ဝန်နဲ့ သူ့အကြံပေး အဖွဲ့က မြို့တော်ကို လှည့်ပတ်ကြည့်ရှုရင်းနဲ့ မင်းသားကြေးရုပ် ရဲ့ ခြေရင်းဆီသို့ ရောက်လာကြပါတယ်. . . မျက်လုံး ဟောက်ပက် . . ရင်ဘတ်ကွဲအက်ပြီး ညိုမွဲ မည်းခြောက်နေတဲ့ ကြေးရုပ်ကို မြင်ရတဲ့အခါ သူတို့ရဲ့ မျက်နှာတွေ ရှုံ့မဲ့သွားကြတယ်. . .
"အောင်မယ်လေးဗျာ . . ပီတိမင်းသားရဲ့ ကြေးရုပ်က စုတ်ပြတ်နေပါလား . . . ."
"ဟုတ်ပါတယ်. . သိပ်ကျက်သရေမဲ့ နေတာပဲ ၀န်မင်းရဲ. . . ."
မြို့တော်ဝန်မင်းနဲ့ အစဉ်သဘောတူညီလေးရှိကြတဲ့ အတိုင်ပင်ခံလူကြီးမင်း များ က တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြတယ်. . . " ဟော . . ကြည့်စမ်းပါအုံး . . ကြေးရုပ်ရဲ့ခြေရင်းမှာလဲ ပျံလွှားငှက်ငယ် တစ်ကောင် သေနေတယ် . . . . ကြံကြံဖန်ဖန်ဗျာ "
"ဟုတ်ပေတယ် မြို့ဝန်မင်း . . ငှက်တွေဟာ သည်မှာလာပြီး မသေရဘူးလို့ အမိန့်ထုတ်ပြန်လိုက်ရင် ကောင်းမယ်.... "
မြို့ဝန်မင်း ထွက်သွားပြီးတဲ့နောက် အကြံပေးလူကြီးမင်းများရဲ့ ဆင့်ကဲအမိန့်ကြောင့် ကြေးရုပ် ကို ဖြုတ်ချပြီး ကြေးရည်ကျိုဌာန သို့ပို့လိုက်ကြတယ် . .. ပီတိမင်းသားရဲ့ ကြေးရုပ်ကို အရည်ကျိုတဲ့အခါ ခဲနှလုံးသားက ထူးထူး ခြားခြား အရည်မပျော်ဘဲ ကျန်ရစ်တယ်. . . ကြေးရည်ကျိုဌာနက ကြီးကြပ်ရေးမှူးက ခဲနှလုံးသားကို ဆယ်ယူ စစ်ဆေးလိုက်တဲ့ အခါ နှစ်ခြမ်းကွဲနေတာကို ထူးခြားစွာတွေ့ရပြန်တယ်. . . .
"ဟဲ . . . ဟဲ အတော်ထူးဆန်းသဗျို့ . . သည်နှလုံးကွဲကြီး က အရည်ကြိုလို့မပျော်ဘူး . . . ကဲကဲ အပြင်အမှိုက်ပုံ မှာ ပစ်လိုက်ပါတော့ . . . "
ကြီးကြပ်ရေးမှူးရဲ့ အမိန့်အရ ခဲနှလုံးကွဲကို အလုပ်သမားတစ်ယောက် က အပြင်အမှိုက်ပုံထဲ ပစ်ထဲ့လိုက်တယ်... နှလုံးကွဲကျသွားတဲ့နေရာကို ကြည့်မိလိုက်တဲ့ လူတွေက ခပ်စောစောက အမှိုက်ပုံထဲပစ်ထည့်ထားခဲ့တဲ့ ပျံလွှားငှက် အသေကောင်နဲ့နှလုံးကွဲတို့ ယှဉ်တွဲနေကြတာကို တွေ့ကြပေလိမ့်မယ်. . . .

အဖိုးတန်ဆုံးအရာနှစ်ခု

အဲသည်အချိန်မှာ ဘုရားသခင်က သူ့ရဲ့ စေတမန်နတ်သား တစ်ပါးကို အမိန့်ပေးလိုက်တယ်. .
"အမောင်နတ်သား . . လူ့ပြည်သို့ဆင်းပြီး စန်စူစီမြို့ထဲက အဖိုးတန်ဆုံးအရာ သတ္တုနှစ်ခုကို ယူလာစမ်း.."
နတ်သားက ခဲနှလုံးကွဲနဲ့ ငှက်အသေကောင်တို့ကို ယူဆောင်လာပြီး ဘုရားသခင်အား ဆက်သလိုက်တယ်. ..
"မှန်ပေတယ် အမောင်နတ်သား သည်အရာ ၀တ္တုနှစ်ခုက "မေတ္တာနှင့်သစ္စာ" တို့ရဲ့ အထိမ်းအမှတ်မို့ အဖိုးတန် ဆုံးပါပဲ. . . သည်ပျံလွှားငှက်ယ်ကို င့ါရဲ့ဥယာဉ်ထဲမှာ အမြဲတမ်းသီချင်းသီဆို နေဖို့ ငါခွင့်ပြုလိုက်ပြီ . . ပီတိမင်းသားကိုလည်း င့ါရဲ့ ရွှေမြို့တော်မှာ အမြဲတမ်း ပျော်ပျော်ရွင်ရွင် နေထိုင်ခွင့်ပြုလိုက်ပြီ. . . "
ဒါ့ကြောင့် ပီတိမင်းသားနဲ့ပျံလွှားငှက်ငယ်တို့ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ အတူယှဉ်တွဲပြီး အမြဲတစေ ပျော်ပျော်ပါးပါး နေထိုက်သွားနိုင်ကြတော့တယ်. . . .
(ဆင်းရဲခြင်းဒုက္ခတို့ ပြည့်လျှံနေတဲ့ လောကဘုံမှာ မေတ္တာ နှင့် သစ္စာ ပန်းတို့ အမြဲဖူးပွင့်ဝေဆာနိုင်ကြပါစေ.)

(ကမ္ဘာကျော် စာရေးဆရာ Oscar Wilde ၏ The Happy Prince ကို ရသမြောက်အောင် ဘာသာပြန်ဆိုထားပါသည်။ )
ဒေါက်တာမင်းတင်မွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

အလိုအပ်ဆုံး


အလိုအပ်ဆုံး

အရွယ်အို အမေဗျာဆရာမကြီး ကို သား(၃) ဦးက မွေးနေ့လက်ဆောင်များ အဖြစ် . . .
ပထမသားကြီးက - ကောင်းမွန်သပ်ရပ် ကျယ်ဝန်းလှပတဲ့ တိုက်အိမ်ကြီးတစ်လုံး ၀ယ်ပေးလိုက်ပါတယ်....

"သားကြီးရယ် အိမ်ကြီးကကျယ်ဝန်းလှပါတယ် . . . အမေ့အတွက် တစ်ခန်းရှိတယ်ဆို လုံလောက်ပါပြီကွယ် . . . အိမ်ကြီးကကျယ်လွန်းတော့ ထိန်းသိမ်းရ၊ အမှိုက်လှည်းရ၊ သန့်ရှင်းရေးလုပ်ရတာ တာဝန်ကြီးပြီး အမေ့အတွက် ပင်ပန်းလှပါတယ်ကွယ်. . . . လို့ပြောသတဲ့ . . . "
သားလတ်ကတော့ ကားတစ်စီးဝယ်ပေးလိုက်ပါတယ် . . .
"သားရယ် အမေက အရွယ်အိုလှပြီ ဆိုတော့ ခရီးမသွားနိုင်ပါဘူးကွယ် . . . . အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေတာ ဆိုတော့ ကားကအမေ့အတွက် အပိုပစ္စည်းတစ်ခုလို ဖြစ်နေတယ်. . . ထိန်းသိမ်း စောင့်ရှောက် ရတာ တာဝန်တစ်ခု ပါပဲကွယ် . . . "
သားငယ်လေးကတော့ လေ့ကျင့်သင်ကြားပေးထားလို့ ကဗျာပုဒ်ရေ ၁၀၀၀ ကျော်ရွတ်နိုင်တဲ့ ကြက်တူရွေးလေး တစ်ကောင် ၀ယ်ပေးလိုက်ပါတယ်. . . .
"သားလေးရေ အမေက အရွယ်အိုဆိုတော့ ကဗျာ၊ စာဝါသနာပါပေမယ့် စိတ်သာရှိပြီး . . . မျက်စိမွဲတော့ မရေးနိုင်၊ မဖတ်နိုင် ဖြစ်နေတာ. . . သားလေးပေးတဲ့ ကြက်တူရွေးလေးက အမေမသိသေးတဲ့ ကဗျာတွေရွတ်ပြတာကို နားထောင်ရတာ ပီတိဖြစ်လိုက်တာ. . . . ပြီးတော့ အမေ့စိတ်ကူးနဲ့စပ်ဆိုတားတဲ့ ကဗျာလေးတွေ ပြန်ရွတ်ပြတော့ နောက်တစ်နေ့မှာ သူက ပြန်ရွတ်ပြနိုင်တယ်ကွယ်. . . . ကဗျာသံ၊ စာသံကြားနေရတော့ ၀မ်းသာ ကြည်နူးစိတ်ချမ်းသာရတယ် ကွယ်. . . "
"သားလေးရဲ့ကြက်တူရွေးက အစ်ကိုကြီးတွေရဲ့ အိမ်တွေ၊ ကားတွေထက်၊ အမေ့အဖို့တော့ တန်ဖိုးရှိလှပါသကွယ် . . . . "
အာလုံး လိုအပ်ချက်နဲ့ဖြစ်လာတာတွေအားလုံး ဆန္ဒတွေတူညီပါစေ. . . .

ရှိန်တင်ဦး (ပေါင်းတည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ရှဥ့်လေးတွေရဲ့သတ္တိ


ရှဥ့်လေးတွေရဲ့သတ္တိ

လွန်ခဲ့သော ၁၅နှစ်ခန့်ကဖြစ်ပါသည် . . . ကျွန်တော်စာရေးဆရာ ပေါက်စဘ၀ . ၀င်ငွေမသေချာသေးသည့် အချိန်မှာ တိတ်ဆိတ်သည့်ပန်းခြံတစ်ခုထဲသို့ ကျွန်တော်ဝင်လာခဲ့သည်. . . ကျွန်တော့ အမျိုးသမီးနှင့်စေ့စပ်ထား သည်မှာ ၄နှစ်ရှိသွားပြီဖြစ်သည် သို့သော လက်ထပ်ဖို့မစဉ်းစားနိုင်သေး.
အဲသည် အခိုက်အတန့်မှာပင် ပန်းခြံထဲရှိသစ်ပင်မြင့်ကြီးထက်တစ်ခုမှ ရှဥ့်လေးတစ်ကောင် နောက်သစ်ပင်ကြီး တစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်. . . သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှာ သစ်ကိုင်းက သူနှင့် အတော်ပင် အလှမ်းဝေးသည်. . .မြင့်လည်းအမြင့်ကြီး သူလုပ်ပုံက စွန့်စားတာနှင့် မတူ သတ်သေဖို့ ကြံစည်နေသလားပင် အောင်မေ့ရသည်. . တကယ်လည်း သူခုန်သည့်အကိုင်းကြီးသို့မရောက်ပါ. .. လေထဲပြုတ်ကျလာသည် . . သို့သော အောက်ဘက်က နိမ့်သည့်သစ်ကိုင်း အနိမ့်တွင် ဘေးမသီရန်မခ သွားချိတ်မိသည် . . ပြီးတော့ ဘာမှ မမှုသလိုဟန်မျိုးနှင့် နဂိုရည်ရွယ်ရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်. ..
ခုံတန်းလျားပေးထိုင်နေသည့်  အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်. . . " အံ့သြစရာကွာ ဒီကောင်တွေခုန်တာ ကိုယ်အကြိမ်ပေါင်းရာချီ အောင်မြင်ဘူးတယ်.. အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ်ဆင်း မလာနိုင်တဲ့အချိန် မှာ ခုန်တယ် ဒါပေမယ့် လဲသွားတာပဲ. . . . ဒါပေမယ့် အဲဒီလိုကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ " အဘိုးကြီးက ကျေနပ်အားရသော ဟန်ဖြင့်ရယ်သည်. . ပြီးတော့မှ " အေးလေ သစ်ပင်တစ်ပင်တည်းပေါ်မျာ ချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ " ဟုဆိုလေသည်. . .
သည်စကားကြားပြီး ကျွန်တော့ ခေါင်းထဲ အတွေးတစ်ခုဝင်သွားသည်. . . "ရှဥ့်တစ်ကောင်တောင် ရှိတဲ့ အခွင့်အရေးကို ရယူဖို့ကြိုးစားတယ် ၊ ငါကရှဥ့်လောက်သတ္တိမရှိဘူးလား "
ကျွန်တော်ကြာကြာမဆိုင်းပါ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်. . . စာတွေကို နှစ်ဆ ဆလောက်မြန်အောင်ရေးသည်. ထို့နောက်တွင် မထင်မှတ်လောက်အောင် လျင်မြန်စွာ အောင်မြင်ခဲ့သည်. နှစ်အနည်းငယ်အကြာတွင် မိတ်ဆွေတစ်ဦးက စာပေဟောပြောရန် ကမ်းလှမ်းလာပါသည်. ကျွန်တော် အကြောင်းတစ်ခုပြပြီးငြင်းဆိုခဲ့ပါသည်. . .
သည်အချိန်တွင် ဇနီးက စကားတစ်ခွန်းဝင်ပြောပါသည်. . . "တစ်ခါတုန်းကရှဥ့်လေး တစ်ကောင်ရှိတယ်. . . မှတ်မိလား . . ." ဟူ၍. . . သူကခုန်ဖို့တိုက်တွန်းလိုက်ခြင်းဖြစ်ပါသည်. . . .မှန်သည် ကြိုးစားကြည့်ခြင်းဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်တာ. . . သည်တွင် ကျွန်တော်ဆုံးဖြတ်ချက်ချပြီး စာပေဟောပြောပွဲ သို့လိုက်ခဲ့ပါသည်. ...
သည့်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီးလုပ်မလား . . . နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့်အခါတိုင်း ရှဥ့်လေးတစ်ကောင်ကို ကျွန်တော်ပြေးသတိရသည်. . . တစ်ဆက်တည်းမှာပင် အဘိုးအို၏ အသံကို နားထဲပြန်ကြား ယောင်လာမိပါသည်. . . .
သို့နှင့် ကျွန်တော် အကြိမ်ကြိမ် ခုန်ဖြစ်ခဲ့ပါသည်. ... သည်လိုခုန်ရင်းက ရှဥ့်လေးတွေ ဘာကြောင့် မကြာခဏခုန်ကြ သလဲဆိုတာပါ ကျွန်တော်သဘောပေါက်လာပါသည်. ..

ခုန်ရတာပျော်စရာပေကိုး

ဖေမြင့်( နှလုံးသားအာဟာရ)
(Oscar Schisgall ၏ Once Teree Was Squirrel) ကိုဘာသာပြန်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ကျားသစ်တွေဘာကြောင့်အရေခွံလှ


ကျားသစ်တွေဘာကြောင့်အရေခွံလှ

ကမ္ဘာဦးအစကပေါ့
ကျားသစ်တွေဟာ ခြင်္သေ့တွေလိုပဲ ၊ အရောင်က ညိုညစ်ညစ်နဲ့လှတာမဟုတ်ဘူး သစ်ကုလားအုတ်တွေလို မြင်းကျားတွေလို မလှပတဲ့သူ့ဘ၀ကို တွေးပြီး ကျားသစ်ခမျာ စိတ်လက်မသာမယာဖြစ်နေတယ် . . ဒါပေမယ့် ဒီကိစ္စကို ကျားသစ်က ဘယ်သူ့ကိုမျှ အသိမပေးဘူး . . . သူ့ဘာသူ ကြိတ်ခံစားနေရှာတာ

တစ်နေ့မှာတော့ သူဟာ လမ်းလျှောက်ထွက်လာရင်း မြွေတစ်ကောင်နဲ့က တွေ့သတဲ့ ဒီအခါ မြွေက '"အလို ကိုကျားသစ် လို့ ချည့်နဲ့နဲ့လေသံနဲ့ နှုတ်ခွန်းဆက်သတဲ့. "
"ကျွန်တော် တော်၂လေးနေမကောင်းဖြစ်နေတယ် အခြေအနေမကောင်းဘူး . . ဘယ်သူ့မှလည်း မကူညီကြပါဘူးဗျာလို့ အားငယ်တဲ့လေသံနဲ့ ပြောပြန်တယ်. . . "

"ဒါလားမဆန်းပါဘူးကွာ " လို့ ကျားသစ်က ဂျစ်ကန်ကန်နဲ့ပြန်ပြောတယ် . "မင်းလို အယုတ်တမာကောင်မျိုး အခြားကောင်တွေကကြောက်နေတာကွာ ဘယ်သူက မင်းကို ကူညီမလဲ ဒါပေမယ့် မင်းနေမကောင်းတုန်းတော့ ငါကူညီပါ့မယ်ကွာ . . လို့" ကျားသစ်ကပြောပြီး စေတနာနဲ့က ကူညီပေးတယ် . .

မြွေပြန်ပြီးနေကောင်းလာတဲ့အထိကို စောင့်ရှောက်ပြုစုပေးနေတာ . . ဒီလိုနဲ့မြွေနေကောင်း လာတယ် . . မြွေဟာ ကျားသစ်ကို ကျေးဇူးတင်လွန်းလို့ . "ခင်ဗျားရဲ့စေတနာကို တုံ့ပြန်တဲ့အနေနဲ့ ခင်ဗျား လိုချင်တာတစ်ခုကို ကျွန်တော်ပေးပါရစေဗျာလို့ "ပြောသတဲ့ . . . .

ဒီတစ်ခါ ကျားသစ်က "မင်းမတတ်နိုင်ပါဘူးကွာလို့ ငါက လှလှပပ အရေပြားရှိချင်တာ. . . လှပတဲ့ အရေပြားမရှိတဲ့ ဘ၀မှာ ဘာရရ အဓိပ္ပါယ် မရှိပါဘူး လို့ . . . ညည်းညည်းညူညူ ပြောတယ် ". . .

ဒီအခါ မြွေက "ကျွန်တော်ခင်ဗျားကို လှလှပပ အရေပြား ပေးနိုင်ပါတယ်ဗျာ ခင်ဗျားကို ကျွန်တော်ကိုက်မယ် ဒါပေမယ့် မကြောက်နဲ့နော် ခင်ဗျားကို အဆိပ်မသင့်စေရဘူး . . ခင်ဗျား ကိုယ်ပေါ်မှာ လှလှပပ အစက်အကွက်တွေ ပေါ်လာရုံကိုက်မှာ တစ်ကိုယ်လုံး အ၀ါလေးတွေ ၊ အနီလေးတွေ အညိုလေးတွေ အစပ်ဟပ်တည့်တည့်နဲ့ကို လှနေမှာနော်လို့ "ပြောပြတယ်. . .

ဒါနဲ့ မြွေဟာ ကျားသစ်ကို ကိုက်ခဲလိုက်တယ် . . တကယ့်ကိုပဲ ကျားသစ်ရဲ့ အရေပြားပေါ်မှာ ချက်ချင်း ဆိုသလို လှပတဲ့ အစက်အကွက်တွေ ပေါ်လာပါရော . . ဒီအချိန်ကစလို့ ကျားသစ်တွေမှာ အခြားသတ္တ၀ါတွေထက် လှပတဲ့ အရေပြားတွေရှိလာခဲ့တယ် . . . မြွေနဲ့ကျားသစ်ဟာလည်း တကယ့်ကို မိတ်ဆွေရင်းချာတွေဖြစ် သွားတော့တယ် တစ်ဦးနဲ့တစ်ဦး မကောင်းမကြံကြဘဲ ထာဝရ ခင်မင်ရင်းနှီးသွားကြသတဲ့ကွယ် . . .

စိုးထိုက် (Happy Time မဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ

အီတာလျံလူမျိုး နာမည်ကြီး အဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti) ၏ ဖခင်သည် မုန့်ဖုတ်မား တစ်ယောက် ဖြစ်သည်. . .သို့သော် ဂီတဘက်တွင် အလွန်ထက်သန်သည်. . . သူ့သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည်. . . ထို့ကြောင့်ငယ်ရွယ်စဉ်မှာပင် တေးဂီတာ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့သည်. . . ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော် တစ်ဦးဖြစ်ခဲ့သည်. . . .

အောင်မြင်ခဲ့သော သူ့ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည်. . .
"အဖေက ကျွန်တော့ကို အသံအားကောင်းအောင် တအားလေ့ကျင့်ခိုင်းတာပါ၊ အီတလီက ကျွန်တော်တို့ဇာတ်မြို့ မိုဒေနာမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင် ဆရာတစ်ယောက်ရှိတယ် . . . ကျွန်တော့်လိုညာသံပဲ. . . သူက ကျွန်တော့ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်. . အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့ ဆရာ အတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ. . . ကျောင်းဆင်းတော့ အဖေ့ကိုကျွန်တော်မေးတယ် . အဖေကျွန်တော်ကျောင်းဆရာ လုပ်ရမလား. . . အဆိုတော် လုပ်ရမလား" ဆိုတော့ အဖေက ပြောတယ်
"လူစီယာနိုတဲ့. . မင်းကုလားထိုင်နှစ်လု့း ထိုင်ဖို့ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ. . . . မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲရွေးရလိမ့်မယ်. . . ." တဲ့
"အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ်. . . အဲဒီနောက်မှာ ပညာသည် အဆင့်နဲ့ စင်ပေါ်တက်ခွင့်ရဖို့ခုနှစ်နှစ်တိတိ လေ့လာသင်ကြားရတယ်. . . စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေလည်း အများကြီး ကြုံရတယ်.. .
ခုတော့ ကျွန်တော် သဘောပေါက်ပါတယ် . . . အုတ်စီတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ စာရေးတဲ့ အလုပ်ဖြစ်ဖြစ် ၊ ကျွန်တော်တို့ဘ၀ အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ. . . အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ်. . . . ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ် . . . ဒါအောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ . . . အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံး ကို ခင်ဗျားရွေး၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ. . . . "

ဖေမြင့် (Choose One Chair)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

စကားလှလို့ အသားရခဲ့သူ

စကားလှလို့ အသားရခဲ့သူ

ဟိုးရှေ့ရှေ့တုန်းက…
ဗာရာဏသီပြည်မှာ သူဌေးသားသူငယ်ချင်းလေးယောက် လမ်းဆုံလမ်းခွမှာ ထိုင်ပြီး လူငယ်တို့သဘာဝအတိုင် ထွေရာလေးပါး စကားဆိုနေကြတယ်။
အဲဒီအချိန်မှာ…
အမဲသားတွေ တင်ဆောင်လာတဲ့ လှည်းတစ်စီးဟာမောင်းနှင် လာတယ်။ သူဌေးသားတစ်ယောက်က လှည်းနားကပ်သွားပြီး ။
***ဟေ့….မုဆိုး ငါ့ကို အမဲသားပေး***။ လို့အသံခပ်မာမာနဲ့တောင်းတယ်။ ဟင်….မင်းက တောင်းတဲ့သူလည်းဖြစ်သေး။ စကားပြောတော့ မာရည်ကြောရည်နဲ့ မင်းစကားသံက အမြှေးနဲ့တူတယ်။ လို့ မုဆိုးက ပြန်ပြောကာ၊ အသားရဲ့ အပေါ်ယံမှာ ကပ်နေ တဲ့ အမြှေးတွေကို ခွာပေးလိုက်တယ်။
နောက်တစ်ယောက်က…***အစ်ကိုကျွန်ုပ်အားအမဲသားပေးပါ***။ လို့တောင်းလိုက် တယ်။ လောက မှာ အစ်ကိုဆိုတဲ့စကားက ကိုယ်အင်္ဂါကို အစွဲပြုပြီး ခေါ်ဝေါ်နေကြတာ သင့်ရဲ့စကားက ကိုယ်ခန္ဒ္စာနဲ့ တူတယ်။ လို့ မုဆိုးကဆိုပြီး ၊ကိုယ်ခန္ဒ္စာမှ အသားတုံးကို လှီးပေးလိုက်တယ်။

နောက်တစ်ယောက်က…***အဖ ကျွန်ုပ်အား အမဲသားပေးပါ***။လို့တောင်းလိုက်တယ်။အဖ ဆိုတာ ဖခင်ရဲ့ နှလုံးသားကို တုန်လှုပ်စေပါတယ်။ မင်းရဲ့စကားဟာ နှလုံးသားနဲ့တူတယ်။ လို့မုဆိုးကဆိုပြီး၊ နှလုံးသားကို လှီးပေးလိုက်တယ်။
နောက်ဆုံးတစ်ယောက်က….တော့***မိတ်ဆွေကြီး ကျွန်ုပ်ကို အမဲသားပေးပါ***လို့ တောင်းလိုက်ပြန်တယ်။ ရွာထဲမှာနေပြီး မိတ်ဆွေအပေါင်းအသင်းမရှိရင် တောထဲမှာ နေရတာနဲ့ အတူတူပဲ။ သင့်ရဲ့စကားဟာ တစ်ကိုယ်လုံးနဲ့တူတယ်။ ဒီတော့ အမဲသားအာလုံးကို သင့်အိမ်လိုက်ပို့ပေးမယ် ငါ့လှည်းပေါ်တက်။ ဟုဆိုပြီး မုဆိုးက ပြန်ပြောလိုက်တယ်။
သူဌေးသားလူငယ်ဟာ လှည်းပေါ်တက်ပြီး အိမ်ရောက်အောင်မောင်းခိုင်းလိုက်တယ်။ အိမ်ရောက်တဲ့အခါမှာ မုဆိုးကို ကျေးဇူးတင်တဲ့အနေနဲ့ ပစ္စည်း ဥစ္စာများ ပေးကမ်းတယ်။မုဆိုးရဲ့ ဇနီးမိသားစုကိုပါ ခေါ်ယူစေတယ်။မုဆိုးအလုပ်ကို စွန့်လွှတ်ခိုင်းတယ်။ သူနဲ့အတူနေထိုင်စေတယ်။အဆွေခင်ပွန်း အဖြစ် ရာသက်ပန် နေထိုင်သွားခဲ့ကြပါတော့တယ်။ (သဗ္ဗမံသလာဘဇာတ်)
သင်ခန်းစာ
စကားချိုသာတာကို လူတိုင်း နှစ်သက်ကြတယ်။
နောက်ပြီး ချိုသာတော့ လိုရာရတာပေါ့။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16


ပန်းပုံပြင်


ပန်းပုံပြင်

ဟိုးရှေးရှေးတုန်းက "နာဆစ်ဆပ်" ဆိုတဲ့ သူငယ်တစ်ယောက်ဟာ အလွန်ရုပ်ရည်ချောမော လှပပါသတဲ့. . . သူဟာ အမဲလိုက် အလွန်ဝါသနာပါလေတော့ တောထဲမှာ နေ့စဉ်လိုလိုလှည့်လည်ပြီး အမဲလိုက်လေ့ရှိပါသတဲ့ . . . အဲလို တောထဲမှာ အနေများတော့ တောထဲမှာနေတဲ့ နတ်သူငယ်မလေး အက်ခို က "နာဆစ်ဆပ်" ကို ချစ်ကြိုက်မိပါလေ ရောတဲ့ကွယ် . . . နတ်သူငယ်မှဆိုတာကတော့ ဥရောပမှာ နတ်သား၊ နတ်သမီးတွေ အပြင် ကိုယ်လုံး ကိုယ်ထည် တကယ့်သေးသေးလေးမှာ တောင်ပံကလေးများပါတာကို ခေါ်တာပါ. . .
"နာဆစ်ဆပ်" က အမဲလိုက်တာကို ပဲ ၀ါသနာပါတဲ့ အပြင် မာနလည်းကြီးသတဲ့ . . . အဲဒီတော့ အက်ခိုကို ယောင်လို့မှ လှည့်မကြည့်ဘူးပေါ. . . အက်ခို ကလည်း "နာဆစ်ဆပ်" အနားမှာ တရစ်ဝဲ၀ဲ လုပ်နေရင်း လုံးပါးပါးလာတာပေါ့. . . . တစ်ဖြေးဖြေးနဲ့ ပိန်ရုံမက ပါးပါးပြီး အငွေ့ဖြစ်ကာ ပျောက်သွားပါသတဲ့ သူ့မှာ ကျန်တာကတော့ အသံကလေးပဲရှိပါသတဲ့. . . . တောထဲတောင်ထဲမှာ အသံကျယ်ကျယ်နဲ့ အော်လိုက်ရင် သူ့ အသံက ပဲ့တင်ပြိးပြန်လာတတ်တာကို အက်ခိုက ပြန်ပြီး အော်လိုက်တာလို့ ရှေးရှေးကလူတွေက ယုံကြည်ကြပါသတဲ့. . အဲဒါကြောင့် ပဲ့တင်သံကို (Echo) လို့ ခေါ်တာပေါ့. . .
အဲဒီကလေးမ အက်ခို အချစ်နာနဲ့ လုံးရာက ပါးပြီးပျောက်လည်းသွားရော သူ့ကိုပိုင်တဲ့ အချစ်နတ်ဘုရားမ ဗီးနတ်စ်က စိတ်ဆိုးပါလေရောတဲ့. . . အက်ခို က ဗီးနတ်စ်ကို ခစားရသူဆိုတော့ ခုတော့ ခစားဝင်စရာ ကိုယ်မရှိတော့ဘူးလေ. . .
အဲဒီတော့ အချစ်နတ်ဘုရားမ ဗီးနတ်စ် က အကြောင်းအရင်းကို စုံစမ်းတာပေါ့ . . . စုံစမ်းလည်းပြီးရောလက်စ သတ်တော့ "နာဆစ်ဆပ်" မချစ်တတ်လို့ အက်ခို ဒီလိုဖြစ်တာကို သိသွားတာပေါ့လေ. . . အချစ်နတ်ဘုရားမ ဗီးနတ်စ် က ဒီလောက်တောင် မချစ်တတ်တဲ့ သူကို ငါကျိန်စာတိုက်လိုက်မယ်. . . သူဒီကနေ့ မြင်တဲ့သူကို ချစ်သွားစေလို့ ဆိုလိုက်ပါသတဲ့. . .
ဒီအကြောင်းတွေကို "နာဆစ်ဆပ်"က ဘာမှ မသိရှာဘူးလေ . . အမဲလိုက်ရင်း တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးနားလည်းရောက်ရော ရေသောက်ချင်တာနဲ့ စမ်းချောင်းလေးဘေးမှာ ဒူးထောက်လိုက်ပါတယ်. . . နောက်ပြီးတော့ ရေကို လက်ခုပ်လေးနဲ့ ခပ်သောက်ဖို့ ခေါင်းကို ငုံ့ချလိုက်ပါသတဲ့ စမ်းရေ ကကြည်လွန်းတော့ သူ့မျက်နှာကို သူမြင်လိုက်ရတာပေါ့ .
အချစ်နတ်ဘုရားမ ဗီးနတ်စ်ရဲ့ ကျိန်စာကလည်း အဲဒီခဏမှာ ဒိုင်းခနဲထိတော့တာပေါ့. . . . "နာဆစ်ဆပ်" ဟာ သူ့ရုပ်သွင်ကိုသူကြည့်ပြီး ချစ်သွားလိုက်တာ. . . တကတည်း ရေတောင်သောက်မိရဲ့လားမသိတော့ပါဘူး စမ်းရေထဲက သူ့ပုံကိုသာ ငုံ့ပြီးကြည့်တော့တာပါပဲတဲ့ . . . . .
တစ်နေ့လည်းမဟုတ် ၊ နှစ်နေ့လည်းမဟုတ်၊ စမ်းချောင်းဘေးမျာ ငုတ်တုတ်ထိုင်ပြီး သူ့ အရုပ်ကိုသာ သူငုံ့ကြည့်နေတဲ့ အခါ "နာဆစ်ဆပ်" ကိုယ် က အမြစ်တွေထွက်ပြီး သူ့ကိုယ်ကလည်း အပင်ဖြစ်သွားပါလေရော တဲ့ . . . .သူ့မျက်နှာကတော့ ပန်းပွင့်ပေါ့ . . . သူဟာ စမ်းရေထဲကသူ့မျက်နှကို ငုံ့ကြည့်ရင်း ပန်းပင်ဖြစ်သွားရတာဆိုတော့ သူပန်းကလေးတွေကလည်း စမ်းချောင်းကလေးထဲကို ငိုက်ငိုက်ကလေး ဖြစ်နေတာပေါ့
အတ္တကြီးရုံသာမက မိမိကိုယ်ကို အချစ်လွန်၊ မိမိရဲ့ ခန္တာကိုယ်အလှအပကို အသားပေးပြီး ပြင်ဆင်တာလွန်တယ်ဆိုရင် အမျိုးသမီးရော၊ အမျိုးသားရော သဘာဝကျသည်ဟု မဆိုသာပေ. . . . ဒါပေမယ့် အမျိုးသားကတော့ သိသာလွန်းတာပေါ့. . . .
အဲဒီပုံပြင်ကစပြီး မိမိကိုယ်ကို အချစ်လွန်ပြီး တသသလုပ်နေတတ်တဲ့ အမျိုးသားများကို "နာဆစ်ဆပ်" လို့ တင်စားကြတယ်. . .


ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဦးချိုကြောင့် ဒုက္ခတွေ့


ဦးချိုကြောင့် ဒုက္ခတွေ့

သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . . ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ သတိပြုမိတယ်.

ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .

အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို လိုက်တာပေါ့. . . . . သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. .

ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . . ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . .

သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .

" အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . . ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . " လို့နောင်တတွေရသွားခဲ့ပါတယ်.. .

(မိတ်ဆွေတွေထဲမှာ ဘယ်သူဟာ မှန်ကန်သစ္စာရှိမယ်. . . ဘယ်သူဟာ စိတ်မချသင့်ဘူးဆိုတာ လက်တွေ့ကျတော့ သိရတာပဲ. . . အလှအပထက် အသုံးကျမှုကို တန်ဖိုးထားတတ်ရမယ်. .)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အမေများနေ့ ဂုဏ်ပြုကဗျာ

မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ် ပြာသိုလပြည့်နေ့တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုလျက်..

မေမေသို့

နွေအလွန် ၀သန်ရဲ့အစ
မိုးဦးကျ ဒီလလေးမှာ
ကမ္ဘာမြေအတွက် ပန်းကလေး တစ်ပွင့်ကို
မေတ္တာရှင်မွေးမေမေ က
ယုယစွာ မျိုးစေ့ချခဲ့တယ်။

ရှင်သန်ရာ ဘ၀လမ်းတစ်လျှောက်
ပေါင်းမြက်သင် စိုက်ကာပျိုးလို့
မေတ္တာရည် မိုးရေအောက်မှာ
ပျိုးပင်လေး ကြီးထွားလာခဲ့ပြီနော်။

ပညာသင်ချိန် ပညာပေးလို့
ဘ၀အရေးကိုလည်း သွန်သင်
လွန်နေရင် ဘယ်အရာမှ မကောင်းတာမို့
ဗိုင်းကောင်းဖို့ ကျောက်ဖိခဲ့တယ်။

ဘ၀ရဲ့ဒဏ် ဘ၀ရဲ့မာန်
ကြံ့ကြံ့ခံ သူ့နှလုံးသားနှင့်
အရှူံးတရားကို စစ်ခင်း
မြစ်တစ်စင်းလို ရဲရင့်ခဲ့တော့
အမေဆိုတာ.....
သမီးတို့အတွက် သူရဲကောင်းပေါ.။

ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ
ကုန်ဆုံးသွားခဲ့ရတဲ့ ပျိုမျစ်ခြင်းတွေနှင့်
ပေးဆပ်ရင်းသာ ရှိနေဦးမှာမို့
စုန်ရေလို့ တင်စားခဲ့ကြသလားမေမေ။


ဤကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံပါစေရန် ကဗျာ ဖြင့် ဆုတောင်းလိုက်ပါသည်။
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ရှိခိုးတတ်ကြရဲ့လား

ရှိခိုးတတ်ကြရဲ့လား


ရှိခိုးခြင်းသည် ဗုဒ္ဒ္စ၀ါဒ ၌ ပထမဆုံးလိုက်နာ ရမည့် ပွဲဦးထွက် မင်္ဂလာ ယဉ်ကျေးမှုကြီးဖြစ်ပါသည်။
ရှိခိုးတတ်ကြရဲ့လားဟု ဆိုလျှင် အံ့အားသင့်စရာ ဖြစ်နိုင်၏။ သို့သော်လူအများသည် အနုပညာရှိခိုး၊ Justify Fullအလှခိုးမှုတွေကသာ များ ၍ ဌာန်ကရိုဏ်းကျကျ ရှိခိုးတတ်သူ ရှိခိုးနိုင်သူကား ရှားပေလိမ်မည်။

ရှိခိုးခြင်း ဟုသည် လက်နှစ်ဖက်ကို ကိုးရိုကားရား မရှိ၊ ညီညီညွတ်ညွတ် သွဲသွဲပျောင်းပျောင်းပြု၍ ဦးထိပ်အပြင်၌ တင်ထားခြင်းပင်ဖြစ်သည်။ ကြာဖူးကြာငုံများ ထင်ထားသကဲ့သို့ ရှိစေရမည်။
မတ်တပ်ရပ်၍ ရှိခိုးခြင်းကို ရဟန်းသံဃာများနှင့် အကျဉ်းအကျပ် လမ်း၌ တွေ့သောအခါမျိုးတွင်သာ ပြုလုပ်သင့်သည်။ ထိုအခါ၌လည်း ကိုယ်ကို အနည်းငယ်ကိုင်းညွတ်လျက် လက်အုပ်ကို ငယ်ထိပ်အထိ တင်ချီ၍ ရှိခိုး ရမည်။ ထိုင်၍ရှိခိုးသာ လျှင် ရှိခိုးရမည်။ စိတ်ထဲက ကျေးဇူးတော် ဂုတ်တော်ကို နှလုံးသွင်းနေရမည်။

တည်ခြင်း (ထိခြင်း) ငါးပါး

ထိုင်၍ ရှိခိုးသောအခါ ပုဆိန်ပေါက် ရှိခိုးခြင်း မဖြစ်စေရ။ ရိုသေစွာ ထိုင်၍ မြေကြီး၊ သို့မဟုတ် ကြမ်းပြင် ၍တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ထိစေရမည်။

ထိခြင်းငါးပါး မှာ မြေကြီး၊ ကြမ်းပြင်ပေါ်၌.....
(၁) ခြေ၊ (၂) လက်၊ (၃) နဖူး (၄) တတောင်၊ (၅) ဒူး ၊ ငါးမျိုးစလုံးထိစေရမည်။
ယင်းသို့ ထိခြင်းငါးပါးဖြင့် ရှိခိုးသည်ကို ပဉ္စပတိဌိတ ၀န္ဒနာ- ထိခြင်း ငါးပါးဖြင့် ရှိခိုးခြင်း ဟု ဆိုရသည်။

ရဟန်းသံဃာတော်များ အပါးမှ ထပြန်မည်ရှိသောအခါတွင်လည်း လက်အုပ်ချီလျက် ကိုယ်ကို ယိုယိုထား နောက်ဆုတ်ပြန် ၍ ငါးပေးခန့်လောက်မှ မိမိလိုရာသို့ လှည့်၍ သွားရမည်။ နေရာမှ ထလျှင်ချက်ခြင်း ကျေားပေးပြီး မပြန်ရပါ။

အမျိုးသမီးများက ရဟန်းတော်များကို ရှိခိုးသောအခါ ခြေဖမိုး ကိုထိကိုင်၍ ရှိ မခိုးကောင်း၊ ဆံပင်များကို လည်း ဖြန့်ခင်း၍ ရှိမခိုးကောင်းချေ။

ထိုသို့တင်ပြရခြင်းမှာ စာရေးသူ လွန်ခဲ့သော ၄လ ခန့်က ခါးနာခြင်းဝေဒနာကို ခံစားနေရချိန်... မိတ်ဆွေတစ်ဦး နှင့် ဆရာ တစ်ဦးထံ လိုက်ပါ စကားပြော ပြီးသည်နောက်...အပြန်တွင် ထိုဆရာအား ရှိခိုးကန်တော့ခြင်း ကို ပြုပါတယ်။ စာရေးသူအနေဖြင့် ထိခြင်းငါးပါး၊ ဖြင့်ငယ်စဉ်ကတည်းက ရှိခိုးရန် စားရေး သူ အဖိုးမှ အမြဲသွန်သင် ဆုံးမ တဲ့ အတွက်...သိရှိပါတယ်...သို့သော် ခါးနာဝေဒနာကြောင့် ထိခြင်းငါးပါး မပြည့်စုံခဲ့ပါဘူး။ အဲဒီမှာပဲ ဆရာ ဖြစ်သူက ဆုပေးရင်းဆုံးမ စကားပြောကြား၍ ထိခြင်းငါးပါး နှင့် မိရိုးဖလာ ဗုဒ္ဒ္စဘာသာအကြောင်း ဟောပြောဆုံးမခြင်းကို ခံခဲ့ရပါတယ်။ စာရေးသူ အနေနဲ့ အပြန်တွင်ဆရာပြောကြားခဲ့သော စကား တစ်ခုအား အခု အချိန်ထိ မမေ့နိုင်သေးပါ။ မိဘ များ ဗုဒ္ဒ္စဘာသာ ကို ကိုးကွယ်၍ ဆက်လက်ကိုးကိုယ်ရခြင်းလား၊ ဗုဒ္ဒဘာသာ ၏ အခြေခံ ကျင့်ဝတ်များကို သေချာစွာ သိသင့်သည်လေ့လာသင့်သည်။ကျင့်သုံးလိုက်နာသင့်သည် ဆိုသော စကားပင်ဖြစ်ပါသည်။ စာရေးသူ အသိတရားများ ထပ်မံရရှိခဲ့ပါတယ်။ စာရေးသူလိုဘဲ အားလုံး အခြေခံ ကျင့်ဝတ်လေးများကို သိရှိ စေရန်၊ အမှုမဲ့ အမှတ်မဲ့ အဖြစ်စေရန် ရည်ရွယ်ပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ16

အိပ်ဆေး။

အိပ်ဆေး။

လောကတွင် မကောင်းမှုတစ်ခု ပြုလုပ်ပြီးတိုင်း နောင်တ တစ်ဖန် ပူဆွေးရတတ်သည်။ စိတ်ဆင်းရဲရတတ်သည်။ ထိုနောက် ပူပန်ရခြင်း၊ စိတ်ဆင်းရဲရခြင်းတို့ကြောင်း တစ်ညတာ အိပ်ပျော်ဖို့အရေး ဝေးခဲ့ရတတ်သည်။ ထို့အခါ ညတာသည် ရှည်လျားလွန်းသည်ဟု ထင်မိတော့သည်။ထို့ပြင်လောဘ၊ဒေါသတို့၏ အခိုးအငွေ့များကြောင့်လည်း စိတ်ဆင်းရဲရတတ်သည်။ ထိုအချိန်ကာလများတွင် အိပ်ပျော်ဖို့ ခက်ခဲသည်။ ထို့ကြောင့်လည်း ချမ်းသာစွာ အိပ်စက်နိုင်ဖို့ အရေးသည် လူတစ်ဦးအဖို့ အလွန်အရေးကြီးသည်။ ပန်းမွေ့ရာ ရွှေကော်ဇောပေါ်တွင် အိပ်မပျော်နိုင်ဘဲ စိတ်ဆင်းရဲသူများရှိသကဲ့သို့ ပလက်ဖောင်းပေါ်တွင် အုပ်ခဲခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက် စိတ်ချမ်းသာစွာ အိပ်ပျော်သူများလည်းရှိသည်။

ကျမဖတ်ခဲ့ဘူးသော စာအုပ်လေးရဲ့အဆိုအရ တစ်နေ့လုံးကောင်းသောအမှုဖြင့် ကုန်ဆုံးပြီးသည့် အခါ ညဥ့်အချိန် အိပ်စက်ရခြင်းသည် ချမ်းသာလေစွ။ တစ်သက်တာ ပတ်လုံး ကောင်းသောအမှုဖြင့် အချိန်ကုန်လွန်ပြီးသောအခါ သေရာ ညောင်စောင်းလဲလျောင်းရခြင်းသည်လည်း ချမ်းသာလှလေစွ…။ ဟူ ၍ဆိုပါသည်။ထို့ကြောင့်အိပ်သည့်အခါမှာ စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ပျော်နိုင်ဖို့လိုသလို သေသည့်အခါတွင်လည်း စိတ်ချမ်းချမ်းသာသာဖြင့် သေနိုင်ဖို့လိုအပ်သည်။ ပြုံးသေ မဲ့သေ ၂မျိုးအနက် ပြုံးသေဖို့ ကြိုးသားရမည်။ပြုံးသေဖြင့်သေဖို့ ဆိုလျင် ကောင်းသောအမှုကို မေတ္တာ နှင့်ယှဉ်၍ ပြုလုပ်ရပါမည်။

ကောင်းသောအမှု ပြုသူသည် မေတ္တာအကျိုးကို ခံစားရသူဖြစ်သည်။ မေတ္တာအကျိုး (၁၁)ပါးမှာ-

ချမ်းသာအိပ်နိုး၊ အိမ်မက်ဆိုးခြင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ခဲ့ပြီး၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာရွာ၊လားရာမေတ္တာ အကျိုး ဟူ ၍ဖြစ်သည်။

ထို့ကြောင့် မေတ္တာနှင့် ယှဉ် ၍ ကောင်းသော အလုပ်များကို ပြုလုပ်ပြီး ၊ လိုချင်မက်မောသော လောဘ၊ တဏှာ၊ ပူလောင်ပြင်းပြသည့် ဒေါသ များ ရင်ဝယ်ပယ် သတ်၍ ချမ်းသာစွာ အိပ်စက်ခြင်းကို ပြုလုပ်နိုင် ကြပါစေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

မိတ်ဆွေကောင်းမိတ်ဆွေမြတ် အင်္ဂါ ၇ - ပါး

မိတ်ဆွေကောင်းမိတ်ဆွေမြတ် အင်္ဂါ ၇ - ပါး

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏ အင်္ဂါ (၇) ပါးကို ဟောတော် မူသည်။
"ရဟန်းတို့ ဤလောက၌ မိတ်ဆွေကောင်း၊ မိတ်ဆွေမြတ်၏ အင်္ဂါခုနှစ်ပါး ရှိသည်။ ယင်းတို့မှာ.....
၁။ သူတစ်ပါး တို့ပေးနိုင်ရန်ခက်ခဲသော အရာဝတ္တုကို ပေးတတ်၏။
၂၊ သူတစ်ပါး တို့ ပြုနိုင်ရန် ခက်ခဲသော အမှုကို ပြုတတ်၏။
၃။ သည်းခံရန် ခက်ခဲသော အရာ၌ သည်းခံတတ်၏။
၎။ မိမိ၏ လှို့ဝှက်သော အမှုကိစ္စကို အဆွေခင်ပွန်းအား ပြောကြားကာ အကြံတောင်း၏။
၅။ အဆွေခင်ပွန်း၏ လှို့ဝှက်သော အမှုကိစ္စကို လှို့ဝှက်ထား၏။
၆။ ဘေးရန်အန္တရာယ် ကြုံကြိုက်လာလျှင် အဆွေခင်ပွန်းကို မစွန့်ပစ်တတ်။
၇။ အဆွေခင်ပွန်းတွင် ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးသော်လည်း မလေးမစား မပြု၊ တတ်အား သမျှ ကူညီတတ်၏။
ဤကဲ့သို့ အင်္ဂါ ခုနှစ်ပါးနှင့် ပြည့်စုံသော မိတ်ဆွေကောင်းကို ပေါင်းသင်း ဆည်းကပ်ထိုက်၏ " ဟု ဟောတော်မူသည်။

ကျမ်းကိုး ။ အင်္ဂုတ္တရ၊ သတ္တကနိပတ်၊ ဒေ၀တာဝဂ်၊ ပထမမိတ္တသုတ်။

ဦးငွေအောင်မွန်( ဓမ္မစရိယ၊ ပါဠိပါရဂူ ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)
မြတ်မင်္ဂလာစာစောင် (၂၀၀၈ -စက်တင်ဘာလ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပြင်ရမည့်စကားပုံနှစ်ခု

ပြင်ရမည့်စကားပုံနှစ်ခု

မြန်မာလူမျိုးများကြားတွင် အမှားကြာ အမှန်ဖြစ်နေသော စကားပုံနှစ်ခုရှိ၏ ။ ပထမ တစ်ခုကား " သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ " အပေါ်ရံကြည့်လျှင် လူမိုက်အားပေး ဖြစ်နေသည် ကိုတွေ့ရ၏ ။ ထိုစကားပုံ၏ အဓိပ္ပါယ်ကို အကုန်ဖော်ကြည့်လျှင် သင်ကောင်းလျှင် ကျွန်ုပ်ကောင်းမည်. . . သင်မိုက်မဲ ဆိုးယုတ်နေလျှင် ကျွန်ုပ်လည်း မိုက်မဲ ဆိုးယုတ်မည်ဟူသော. . . အဓိပ္ပါယ်ကို ဆောင်နေသည် . . ပါးရိုက်လျှင် နားကိုက်မည်ဟူသော စကားပုံနှင့် အတူတူ ပင်.... သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွနုပ်ကား ဆိုးလိမ့်မည်မဟုတ်ဟု ခံယူထားမှ ကိုယ်ကျင့်သီလ နှင့် သဘောထားကြီးမှုကို အလေးပေးရာ ရောက်လေလိမ့်မည်. . . ထိုစကားပုံ အစား .

"ဥစ္စာဓနဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲပါ။"

"ငွေကြေးမွဲသော်လည်း ရိုးသားမှုချမ်းသာသည်။ "

"သင်ကောင်းဖို့သည် ဒုတိယ။"

"ကျွန်ုပ်ကောင်းဖို့သည် ပထမ။"

ခွင့်လွှတ်ခြင်းသည် ကလဲ့စားချေခြင်းထက် နှစ်ဆထိရောက်သည်။

ဟူသော စကားပုံများကို အစားထိုး သုံးစွဲသင့်သည်။

ပြုပြင်သင့်သည့် ဒုတိယစကားပုံကား "အူမတောင့်မှ သီလစောင့်နိုင်မည်" ဟူ၍ဖြစ်သည်။ ဤစကားပုံအရ ဆိုလျှင် စီးပွားရေါ် အဆင်ပြေမှသာလျှင် သူတစ်ပါးဥစ္စာကို ခိုးခြင်းမှာ ရှောင်ကြဉ်နိုင်မည်. . စီးပွားရေး အဆင်မပြေလျှင်ကား ရသမျှ ခိုးတော့မည်... သီလမစောင့်ဟူ၍ ဖြစ်သည်.။
ခိုးမှုကို အားပေးသည့်သဘောဖြစ်နေ၏။ ပြောင်းလွဲသုံးစွဲသင့်သည်မှာ သီလစောင့်မှ အူမတောင့်မည်ဟူ၍ ဖြစ်သည်။ သီလစောင့်သည့် အတွက် အူမတောင့်ရသော မြို့တစ်မြို့နှင့် တိုင်းပြည်တစ်ပြည်ကို တင်ပြချင်ပါသည်။
မြို့ကား အမရပူရမြို့ပင်ဖြစ်၏. ဘိုးတော်ဘုရားမင်းလက်ထက်က ဘုရင်ရော မြို့သူမြို့သားများအားလုံး က ဂရုဓမ်တရားလေးပါးကို စွဲမြဲကြသည့် အတွက် မိုးလေ၀သကောင်းမွန်ကာ ဆန်ရေစပါးပေါများသော မြို့အဖြစ် သူ့ခေတ်က လွန်စွာ ထင်ရှားကျော်ကြားခဲ့ပေသည်။ ငါးရားငါးဆယ်ဇာတ်နှင့် စရိယာပိဋကတ်၌ လာသော ဂရုဓမ္မဇာတ်၌လည်း ကုရုတိုင်း က္ကုန္ဒပတ္တနရဂိုရ်ပြည်ရှိ ဓနဉ္စယကောရမင်းကြီး နှင့်တစ်ကွ တိုင်းသူပြည်သားများသည်လည်း ဂရုဓမ်တရားလေးပါးကို စောင့်ထိန်းလိုက်နာကြသည့် အတွက် တစ်ပြည်လုံး မိုးလေ၀သမှန်ကန်ကာ ဆန်ရေစပါးပေါများခဲ့သည်။
တစ်ခါတွင် ကာလိင်္ဂတိုင်း ဒန္တပူရပြည်ကြီးတစ်ခုလုံး မိုးခေါင်ရေရှား ကာ အငတ်ဘေးကြီးဆိုက်သည်။ တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့လာပြီး အငတ်ဘေးကြီး ငြိမ်းအေးပပျောက်အောင်လုပ်ပေးရန် တောင်းဆိုကြသည်. အများအကြံပေးချက်အရ မင်းကြီး ဥပုပ်သီလစောင့်ကာ ကျက်သရေရှိသော တိုက်ခန်းသို့ ၀င်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။ သို့သော မိုးကားရွာ၍မလာ..တစ်ဖန် လောကီအယူအဆကို အားသန်ကြသော ဗေဒင်ဆရာတို့က မင်္ဂလာဆင်ရှိလျှင် မိုးရွာသည်ပြော၍ မင်္ဂလာဆင်ကို သွားရောက် အလှူခံကြပြန်သည်. သို့သော် မိုးကားရွာမလာ..... နောက်ဆုံး၌ ပညာရှိသူတော် ကောင်းများ၏ အကြံပေးချက် အရ အရိုးဆုံး နည်းလမ်းတစ်ခုဖြစ်သည့် ဂရုဓမ်တရားလေးပါးကို ကူးယူကျင့်သုံးသော အခါ မိုးလေ၀သပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်...

ဂရုဓမ်တရားလေးပါး
၁။တိုင်းသူပြည်သားတို့သည် ၀ါတွင်းဝါပ တစ်လလေးသီတင်းဥပုပ်စောင့်ရခြင်း။
၂။ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲမြံရခြင်း။
၃။ရတနာသုံးပါးကို နေ့ညအမြဲမပြတ် ၀တ်ကပ်ဝတ်တက်ပြု၍ မေတ္တတရား အထူးပွားများရခြင်း။
၎။မိဘဘိုးဘွားဆရာသမားများကိုလည်းကောင်း ၊ အကျင့်သီလနှင့်ပြည့်စုံသော သူမြတ်တို့ကိုလည်းကောင်း၊ မင်္ဂလာတရားတော်နှင့် အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။

ထို့ကြောင့် မြန်မာပြည်တစ်ကောင်းမင်း လက်ထက်တွင် ယင်းဂရုဓမ်လေးပါးကို အမိန့်ပြန်တမ်းထုတ်၍ တစ်ပြည်လုံးကို လိုက်နာကျင့်သုံးစေခဲ့ကြောင်းသိရှိရပါသည်။
သို့အတွက် ဒါနပြုပါ. . ထိုသို့ပြုရာတွင် သီလကို အပျက်မခံပါနှင့် မိမိပြုခဲ့သော ဒါန၏ကောင်းကျိုးကို သက်ရှည် ကျန်းမာစွာဖြင့် ခံစားလိုလျှင် ငါးပါးသီလကို လုံခြုံအောင်စောင့်ပါဟု တိုက်တွန်းချင်ပါသည်...


မေတ္တာရှင် (ရွှေပြည်သာ) သီလအစွမ်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ