“မြန်မာပြည်သားဟေ့ မြန်မာပြည်သား၊ မြန်မာပြည်သားဟေ့ မြန်မာပြည်သား”
မြန်မာပြည်ကို ဒီတစ်ခေါက်ပြန်ရောက်တော့ ရုပ်မြင်သံကြားမှ လာနေသော မြန်မာပြည်သား ဆိုသည့် သီချင်းကို ကြည့်မိသည်။ ရှေးခေတ် မင်းမျိုးမင်းနွယ်တွေခေတ် အ၀တ်အစားများနှင့် မင်းညီမင်းသားစစ်သည်တော်များ တိုက်ရေး ခိုက်ရေး ဟန်ပြနေကြသော ပုံစံဖြင့် သီချင်းကို ဖွဲ့သီထားသည်။ ထိုအချိန်ထိုကာလက မြန်မာလူမျိုးများသည် အဘယ်မျှ ဂုဏ်ယူဝံ့ကြွားခဲ့သည် မသိပေမယ့် ခုအချိန်မှာတော့ မြန်မာဆိုတဲ့ စကားလုံးဟာ ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံးနိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှု အခံရဆုံးနိုင်ငံ၊ စားဝတ်နေရေးအကျပ်တည်းဆုံး နိုင်ငံ စသည်တို့၏ နောက်ကွယ်တွင် မြန်မာနိုင်ငံသားများ၏ မျက်လုံးများသည် တချိန် ရွှေရောင်လွှမ်းခဲ့စဉ်ကလို အရောင်တလက်လက် မဖြစ်နေနိုင်တော့ဘဲ ညှိုးငယ်နွမ်းလျလို့ နေပေပြီ။
ဒီတစ်ခေါက် မြန်မာပြည်ပြန်ရန်အတွက် သံရုံးတွင် ပတ်စ်ပိုစ့် သက်တမ်းတိုးရင်း အခွန်ပါ ပေးဆောင်ရန် သွားသောအခါ စင်္ကာပူသို့ ရောက်စမှ ယခုအချိန်အထိ အခွန်ဆောင်ထားသော ပြေစာများကို အကုန်ပြရန်တောင်းသည်။ ယခင်ကတည်းက သေချာ သိမ်းဆည်းထားရန် မှာထားခြင်းမဟုတ်သည့်အတွက် ပျောက်သွားတာတွေလည်း ရှိသလို ဟောင်းနွမ်းပြီး ဖတ်မရတော့သော ပြေစာများလည်း ရှိလေသည်။ ထို့အတွက်ကြောင့် သံရုံးဝန်ထမ်းများကို အခွန်ဆောင်ပြီးသားဖြစ်ပေမယ့် ပြေစာများ ပျောက်ဆုံးသွားသဖြင့် မပေးရသေးသော လများအတွက်သာ အခွန်ကို ပေးပါမည်ဟု ပြောသောအခါ တာဝန်ရှိသူများက ပျောက်ဆုံးသွားသော လများအတွက်ပါ နောက်တစ်ခေါက်ပေးရန် ပြောလာပါသည်။ နောက်ဆုံး ဘယ်လိုမှ ညှိမရတဲ့အဆုံး သူများနိုင်ငံတွင် ပင်ပန်းဆင်းရဲစွာ ရှာဖွေထားရသော စင်္ကာပူဒေါ်လာ ၂၅၀၀ ခန့် ပေးလိုက်ရပါသည်။ မတတ်နိုင်၊ မြန်မာနိုင်ငံသား ဖြစ်ရခြင်းအတွက် ကျွန်တော်ပေးဆပ်လိုက်ရတာ ငွေကြေးမျှသာ ဖြစ်ပြီး မြန်မာပြည်သူပြည်သားများမှာ သူတို့၏ ဘ၀များစွာကို ပေးဆပ်နေရပါသည်ဟု စိတ်ကို ဖြေရသည်။ ဒါပေမယ့် ဒီတစ်ခေါက် ပတ်စ်ပိုစ့်သက်တမ်းပြည့်လျှင်တော့ နိုင်ငံသား ပြောင်းလဲတော့မည်ဟု ဆုံးဖြတ်ချက်တစ်ခုကို ချမိလေသည်။
အဲဒီလိုဆုံးဖြတ်ပြီးတဲ့ ညမှာ အိပ်မက်ဆိုးတစ်ခုမက်သည်။
ကျွန်တော်က စင်္ကာပူနိုင်ငံသားဖြစ်နေပြီး မြန်မာနိုင်ငံက အလွန်ခေတ်မှီတိုးတက်သောကြောင့် မြန်မာနိုင်ငံသားအဖြစ် ပြောင်းလိုက်သည့်အတွက် နိုင်ငံသားခန့်အပ်ခြင်း အခမ်းအနားတွင်ဖြစ်သည်။ စိတ်ထဲတွင် အလွန် ပျော်ရွှင်ကြည်နူးခြင်း ပြည့်နှက်စွာဖြင့် “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ”ဟူသော မြန်မာနိုင်ငံတော် သီချင်းကို သီဆိုရန် အဆင်သင့် ဖြစ်နေသည်။ “ကျွန်ုပ်တို့သည် အမိမြန်မာနိုင်ငံနှင့် လူမျိုးများအပေါ် သစ္စာစောင့်သိပါမည်” စသည်ဖြင့် သစ္စာအဓိဓာန်လေးချက်ကို သီဆိုရန်ဟန်ပြင်နေသည်။ ကျေနပ်မှု ကြည်နူးမှုက ရင်ထဲမှာ အပြည့်။ ထို့နောက်အခမ်းအနားစသောအခါ
“We, the citizens of Singapore,
pledge ourselves as one united people,
regardless of race, language or religion,
to build a democratic society
based on justice and equality
so as to achieve happiness, prosperity and
progress for our nation.” ဟု ရေရွတ်ရသည်။
ကျွန်တော် အလွန်အံ့သြသွားသည့်အတွက် အခမ်းအနားခေါင်းစီးကို ကြည့်တော့ ကျွန်တော်မျက်လုံးမမှားပါ။ “မြန်မာနိုင်ငံသားခန့်အပ်ခြင်း အထိမ်းအမှတ် အခမ်းအနား”တဲ့။ အဲဒီနောက်မှာတော့ နိုင်ငံတော် သီချင်းကို ဆိုရသောအခါ ကျွန်တော့်ဘေးရှိ လူအားလုံးက ညာဖက်လက်ကို ဘယ်ဖက်ရင်အုံကို ကပ်လို့ အားလုံးသံပြိုင်ဆိုကြရသည်။
“Mari kita rakyat Singapura
Sama-sama menuju bahagia
Cita-cita kita yang mulia
Berjaya Singapura” ဟု ကျွန်တော့်နှုတ်က လိုက်ဆိုနေပေမယ့် ဘယ်ဖက်ရင်အုံက တဒုန်းဒုန်းခုန်နေသည်။ ဘယ်လိုဖြစ်လို့ စင်္ကာပူနိုင်ငံတော်သီချင်း ဖြစ်နေသည်မသိ။ ရင်ထဲမှာ ထိုးပြီးအောင့်လာသည်နှင့်အမျှ စို့နင့် ကြေကွဲလာကာ မျက်လုံးမှ မျက်ရည်ပူများလှိမ့်ဆင်းလာသည်။ ထို့နောက် သီချင်းကို ဆက်ဆိုရသည်။
“Marilah kita bersatu
Dengan semangat yang baru
Semua kita berseru
Majulah Singapura
Majulah Singapura” သီချင်းအပြီးမှာ လူက မူးကနဲ မိုက်ကနဲ ဖြစ်သွားသည်။ လဲကျသွားသည်လား၊ ပြန်ထလာသည်လား မမှတ်မိတော့။ အိပ်မက်ကနေ လန့်နိုးတော့ လူက ရင်တွေ တဆတ်ဆတ်တုန်နေပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမိသည်။ နိုင်ငံသားမပြောင်းတော့ပါဟု။
ဒီနိုင်ငံမှာပဲ ကျောင်းပြီးလို့ ဒီနိုင်ငံမှာ အလုပ်လုပ်ခဲ့သည်မှာ ၁၀နှစ်ပြည့်ပြီ ဖြစ်ပေမယ့် ယခုအချိန်အထိ မြန်မာနိုင်ငံအပေါ်ထားသော မျှော်လင့်ချက်များက ကျွန်တော့်ရင်ထဲမှာ အပြည့်ပင်ဖြစ်သည်။ နိုင်ငံရေးသမား ယောင်ယောင်၊ လူမှုရေးသမားယောင်ယောင် သူငယ်ချင်းတစ်ယောက်ကတော့ သူဘယ်တော့မှ တခြား နိုင်ငံသားပြောင်းမည် မဟုတ်ကြောင်းကို ဒီလိုပြောပြသည်။ “တချို့က ရေကြည်ရာ မြက်နုရာကို ပြောင်းတယ်လို့ ပြောကြရအောင် လူဆိုတာ မြက်စားတဲ့ နွားမှ မဟုတ်ပဲကွ၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို သစ္စာစောင့်သိရတယ်၊ တောက် . . အသားထဲက လောက်ထွက်တဲ့ အဖြစ်မျိုးကွာ”ဟု ကြိတ်မနိုင်ခဲမရ ပြော၏။ ထိုသူငယ်ချင်းမှာ Spass ဖြင့် အလုပ်လုပ်နေသူဖြစ်ပြီး ဟိုတလောက PR လျှောက်၍ မကျသောကြောင့် စင်္ကာပူကို မျက်မုန်းကျိုးနေသူ ဖြစ်သည်။
နောက်တစ်ညမှာတော့ အိပ်မက်ထဲမှာ စင်္ကာပူနိုင်ငံသားခံယူသွားသူ သူငယ်ချင်းတစ်ယောက်နှင့် အကြီးအကျယ် စကားများနေသည်။
“မင်းက မြန်မာနိုင်ငံသားဖြစ်ရတာကို အဲဒီလောက် ဂုဏ်ယူနေတယ်ဆိုတော့ မင်းက မြန်မာဘယ်လောက်စစ်လို့လဲ” ဟု သူက မေးလာပါသည်။
“ငါ့အဖေက မန္တလေးဖက်က ငါ့အမေအမျိုးတွေက မော်လမြိုင်ဖက်က၊ အဲဒါမှ မြန်မာမစစ်ရင် ဘယ်သူစစ်မလဲ” ဟု မခံချင်စိတ်နှင့် ပြောလိုက်ပေမယ့် အမှန်မှာ အဖေရဲ့ အဖေ ကျွန်တော့်အဖိုးမှာ တရုတ်ပြည်မကြီးမှ ဆင်းလာသော တရုတ်အစစ်ကြီးဖြစ်ပါသည်။
“ငါ့အဖိုးရော အဖွားရောရဲ့ ဘိုးဘေးတွေက ဘုရင့်နောင်ရဲ့ အမှုတော်ထမ်းခဲ့တဲ့ မြန်မာအစစ်ကွ၊ ခေတ်မကောင်းလို့ နိုင်ငံသားပြောင်းလိုက်တယ်ဆိုပေမယ့် ငါ့ကိုယ်ထဲမှာ စီးဆင်းလည်ပတ်နေတဲ့ သွေးတွေက မြန်မာသွေးစစ်စစ်တွေပဲ” ဟု သူငယ်ချင်းက ထပ်ပြောပြီး သူ့သွေးကို ဖောက်ပြသောအခါ သွေးတွေမှာ မြန်မာဆိုသော စာတမ်းလေးတွေ ပါလာသည်။
ကျွန်တော်လည်း အားကျမခံ မင်းသွေးထက်ငါ့သွေးက နီတယ်ဆိုပြီး ကျွန်တော့် ဗိုက်ကို ဖောက်ပြတော့ မနက်က စားထားသော Nasi Lemak, နေ့လည်က စားထားသော Hokkein Mee နှင့် ညစာ စားထားသော Kway Chap အစရှိသဖြင့် စင်္ကာပူအစားအစာများ ထွက်ကျလာသည်။
အိပ်မက်မှ နှိုးတော့ လူက အီလည်လည်ကြီးဖြစ်လို့နေသည်။ ဟင်း . . . ။
စင်္ကာပူနိုင်ငံမှာ အိမ်ဝယ်မယ်ဆိုရင် စင်္ကာပူနိုင်ငံသားများအတွက် အိမ်ကို အသစ်ဝယ်ခွင့်ရှိမှာဖြစ်ပြီး စင်္ကာပူအစိုးရမှ စင်္ကာပူဒေါ်လာ သုံးသောင်းခန့် ထုတ်ပေးကာ အတိုးနှုန်း အလွန်သက်သာသော HDB Loan ခေါ် Housing Loanကို ရရှိကြပါသည်။ ယနေ့ထိ မြန်မာနိုင်ငံအစိုးရကို ကျွန်တော်ထမ်းဆောင်ထားသော အခွန်မှာ စင်္ကာပူဒေါ်လာ တစ်သောင်းခန့် ရှိပြီဖြစ်သောကြောင့် အိမ်အတွက် သုံးသောင်း အခွန်က တစ်သောင်းပေါင်းသောအခါ ကျွန်တော်မြန်မာနိုင်ငံသားဖြစ်ခြင်းအတွက် ဒေါ်လာလေးသောင်းခန့် ပေးဆပ်ထားခဲ့ပြီး ဖြစ်ကြောင့် ထိတ်လန့်စွာသိလိုက်ရသည်။ မြန်မာနိုင်ငံသားဖြစ်ခြင်းအတွက် ပြန်လည်ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ မြန်မာသံရုံးသို့ အခွန်ဆောင်ရန်သွားသော အခါ အခွန်ထမ်းဆောင်ခွင့်ပြုပါရန်လေးစားစွာ ပန်ကြားအပ်ပါသည် ဆိုသော ခခယယ တောင်းပန်ထားသော ဖောင်တစ်ခုကို ဖြည့်ခြင်းဖြင့် လည်းကောင်း၊ သံရုံးဝန်ထမ်းများ၏ အရယ်အပြုံးမရှိသော သူ့လုပ်စာ စားနေရသော မျက်နှာများကို လည်းကောင်း၊ မြန်မာပြည်သို့ ပြန်သောအခါ လေဆိပ်မှာ ငါ့ကို ဘာများရစ်လေမလဲဆိုသည့် စိုးရိမ်ပူပန်ရခြင်းကို လည်းကောင်း၊ အီးမေးလ်တစ်စောင်ပို့ရန် ၁၀မိနစ်ခန့်ကြာသော အင်တာနက်အမြန်နှုန်းကိုလည်းကောင်း၊ ရန်ကုန်မြို့လား ရွာငယ်ဇနပုပ်လား ထင်မှားရလောက်အောင် မီးဘယ်တော့မှ မလာသော အိမ်ငယ်လေးကို လည်းကောင်း၊ အမြဲကြုံတွေ့နေရပါသည်။ ဒါတွေအားလုံးဟာ မြန်မာနိုင်ငံသားဖြစ်ရခြင်း၏ အကျိုးကျေးဇူးများပင်။ ယခုအချိန်အထိတော့ ခေါင်းမာမာနှင့်ပင် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးကြီးကြီးပေးဆပ်နေပါသေးသည်။
“၂၀၀၇ စက်တင်ဘာတော်လှန်ရေးမှာ ဘုန်းကြီးပြည်သူတွေကို သတ်ဖြတ်တဲ့သူတွေကို ဘာအခွန်မှ ပေးဆောင်စရာမလိုဘူး” ဆိုပြီး နိုင်ငံသားပြောင်းလဲ ခံယူသွားတဲ့ သူငယ်ချင်းတစ်ယောက်က ပြောသည်။ ထို့နောက် သူကပဲ ဆက်ပြီးပြောပြန်သည်။ “ဒီအစိုးရ သက်ဆိုးရှည်အောင် မင်းတို့ အခွန်တွေပေးနေတာ၊ တစ်လတစ်လ မင်းတို့ဆီက ရတဲ့ပိုက်ဆံတွေနဲ့ အစိုးရက စစ်လက်နက်တွေ ၀ယ်နေတာ၊ အဲဒီအခွန်ပေးမယ့် ပိုက်ဆံတွေကို မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ လူတွေကို လှူဒါန်းလိုက်ရင် ဘယ်လောက် အကျိုးရှိလိုက်မလဲ” ဆိုပြီး အဲဒီသူငယ်ချင်းက ဘီယာလေးတမျှမျှသောက်ရင်း ပြောလေသည်။ ဟိုတလောက ဖတ်လိုက်တဲ့ သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်းမှာတော့ နိုင်ငံသားပြောင်းသွားသူတွေနှင့် အင်တာဗျူးများ၊ နိုင်ငံသား ပြောင်းသင့် မပြောင်းသင့်ဆိုသော ဆွေးနွေးချက်များကို အကျိုးရှိစွာ ဖတ်လိုက်ရပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်စွာဆုံးဖြတ်ခွင့် မိမိကြမ္မာကို မိမိကိုယ်တိုင် ရေးဆွဲခွင့် ရှိခြင်းများကိုသာ တွေ့လိုက်ရသည်။
ကိုမင်းခေါင်၏ ရေစီးကြောင်းသံယောဇဉ်ဆိုသော သီချင်းတွင်တော့ ပတ္တမြားကျောက်စီဓား ဆွဲကိုင်ခုတ်လည်း မပြတ်နိုင်ဘူး ဆိုပေမယ့် မသေချာမရေရာလှသော နိုင်ငံ၏ မှုန်ဝါးဝါး အနာဂါတ် အရောင်မှိန်မီးညွှန့်လေးများ၊ သံရုံးခွန်ဆိုသော ဓား၊ သံရုံးမှ လူများ၏ မာရေကျောရေ ဆက်ဆံမှု လက်နက်များနှင့် ဆွဲကိုင်ခုတ်ခြင်းကြောင့် နိုင်ငံချစ်စိတ်ဆိုတဲ့ သံယောဇဉ်ကြိုးများစွာကတော့ ဖြတ်တောက်ခြင်း ခံခဲ့ကြရပါပြီ။ နိုင်ငံသား ပြောင်းခြင်းမပြောင်းခြင်းနှင့် ပတ်သတ်သည်မပတ်သတ်သည်ကို ကျွန်တော်မသိ။ ပဲပြုတ်နှင့် နံပြား စားနေရတာနှင့် မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ပီတိဖြစ်မိပါသည်။ ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ မစားသော လက်ဖက်စားရခြင်းနှင့်ပင် မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ဂုဏ်ယူနေမိပါသည်။ ဘုရားပုထိုးများနဲ့ ရွှေရောင်လွမ်းတဲ့ ရွှေပြည်တော်ကို လှမ်းမျှော်လိုက်တိုင်း ဗီဇာယူပြီး ရက်အကန့်အသတ်ဖြင့် ပြန်စရာမလိုသော မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ကျေနပ်မိပါသည်။ ငါဟာမြန်မာနိုင်ငံသားလေ ငါတို့နိုင်ငံဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာတွေနဲ့ ဆိုပြီး အားရပါးရပြောနိုင်သော မြန်မာတစ်ယောက်ဖြစ်ရခြင်းကို ပျော်ရွှင်နေမိပါသည်။ ကြိုးတကာ့ကြိုးတွင် သံယောဇဉ်ကြိုးသည် အခိုင်မြဲဆုံးဖြစ်သည်ဆိုလျှင် ကျွန်တော်၏ နိုင်ငံသားမပြောင်းခြင်းကြိုးသည် ကောက်ရိုးလေး တစ်မျှင်စာမျှ ခိုင်ခံ့နေပါသေးသည်။ ထိုကောက်ရိုးလေး တစ်မျှင် မပြတ်တောက်သရွေ့တော့ . . . . .။
ဇင်ကိုလတ်
Blog Archive
-
▼
2010
(59)
-
▼
May
(26)
- တားဆီးမရတဲ့အရာ
- .ဧပရယ် နွေအပူအောက်မှာ
- တမ်းတခွင့်လေး
- အိုပယ်
- ဇွဲ
- နေ့စဉ်ပွားပါ ဤငါးဖြာ
- Human Being of Commond
- Singapore Life
- Be my Life Partner
- Don't Give Up
- Characteristics to be a Giant Killer
- What for Processes!
- Want Fly to So Far Country
- Write Your Own History
- Be Free From Suffering the Cycle of Rebirth
- HONESTY IS THE BEST POLICY!
- Reunion of Happy Family day! ~~~Missing Mum & Dad!
- Good Friend
- WOMAN NATURE OF AFFECT
- Grace's Life
- Vegestatian Lives On
- Time is God!, Time is Money!
- မိဘဂုဏ်(၁၂)ပါး
- ကောက်ရိုးလေးတစ်မျှင် မပြတ်သရွေ့
- DON'T SAY U LOVE ME!
- ခွင့်လွတ်ခြင်း
-
▼
May
(26)
As You Sow, So Shall You Reap!
မင်္ဂလာပါ
No comments:
Post a Comment
Thanks for ur Attention!