As You Sow, So Shall You Reap!

မင်္ဂလာပါ

Have a Wonderful day!

Benevolence For All Else!

Smart Lady

Grace

Sunday, September 27, 2009

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း

''လောကနီတိ''


''လောကနီတိ''

''နီတိ'' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ် ၍ ''လမ်းညွှန်''ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။

  • တောင်တိုင်းတွင်ပတ္တမြားမရှိ။
  • ဆင်တိုင်းတွင် အမြုတေမရှိ။
  • တောတိုင်းတွင် စန္ဒကူးမရှိ။
  • အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ။
  • There is no ruby in every mountain.
  • There is no pearl in every elephant.
  • There is no sandalwood in every forest.
  • There is no sage in every place.
    ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံအရောက်သွားပြီး ပညာကိုကြိုးစား၍ဆည်းပူး သင်ယူရာ၏။
  • One who wants knowledge should get to the wise and learn seriously.

  • စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိ သည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ ရှိ၏။
  • သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟော တတ်ပေသည်။
  • As a drum emits sound when struck the learned responds only when asked.
  • Asked or not, the uneducated speaks too much.

  • ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း။
  • ထို့အတူသူတစ်ပါးလက်ဝယ်၌ ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။
  • Chronicled knowledge shall not be regraded as one's own.
  • Property in the hands of other shall not be regarded as one's own.

  • လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
  • ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
  • Being cultured or not can be known by behavior.
  • Being learned or not can be known by speech.

“ မေတ္တာနှင့်သစ္စာကို ရင်မှာပိုက်ပါလို့. . . ရွေရောင်ဝင်းနေသည့် ကြေးရုပ် ”

မနေ့ကရေးသားခဲ့သော မေတ္တာနှင့်သစ္စာ ပို့စ်လေးနဲ့ပတ်သက်ပြီး သရုပ်ဖော် ဇာတ်လမ်းလေးကို မူရင်း အဓိပ္ပါယ် မပျက်အောင် ဘာသာပြန်ဆိုပြီး လူနှင့်တိရိစ္ဆာန်ကြား မေတ္တာနှင့်သစ္စာတရားများ ထားရှိနိုင်ပုံကို ဖော်ပြလိုက်ပါတယ်. . .

မေတ္တာနှင့်သစ္စာကို ရင်မှာပိုက်ပါလို့. . . ရွေရောင်ဝင်းနေသည့် ကြေးရုပ် ”

မြို့တော်ကို စီးကြည့်နိုင်တဲ့ ကုန်းမြင့်ထက်မျာ ပီတိမင်းသားရဲ့ ကြေးရုပ်ဟာ ကျောက်ခုံမြင့်တစ်ခုပေါ်မှာ မားမားမတ်မတရပ်တည်နေပါတယ်။ ကြေးရုပ်တစ်ခုလုံးကို ရွေရွက်ပါးပါးလွှာကလေးတွေနဲ့ ခြေဆုံးခေါင်းဆုံး စီခြယ်ထားလို့ မင်းသားရဲ့ကြေးရုပ်ဟာ နေရောင်မျာ ၀င်းလက်နေပါတော့တယ်။
မင်းသားရဲ့မျက်လုံးနှစ်လုံးက အဖိုးတန်နီလာနှစ်လုံးပါ။ သူ့ရဲ့ခါးမှာ ချိတ်ထားတဲ့ ဓားရှည်ရဲ့လက်ကိုင်ထိပ်မှာ လည်း ကြီးမားတဲ့ ပတ္တမြားတစ်လုံး တပ်ထားပါတယ်။
ချမ်းအေးတဲ့ညတစ်ညမှာ ပျံလွှားငှက်ငယ်တစ်ကောင်ဟာ မြို့ပေါ်ကိုဖြတ်သန်းပြီး ပျံသန်းလာပါတယ်။ သူ့အဖော် များကတော့ ရာသီပူနွေးတဲ့ အီဂျစ်နိုင်ငံဆီ ပျံသန်းသွားနှင့်ကြပြီ။ သူတစ်ဦးသာလျှင် မြစ်ကမ်းပါးက ခါးသွယ်တဲ့ မြက်ပင်မယ်ကို ချစ်ခင်တွယ်တာမိလို့ နောက်ချန်ကျန်ရစ်ခဲ့တာပါ။
“သည်နေ့ည ငါဘယ်မှာ နားခိုရပါ့မလဲ သည်မြို့ကြီးမှာ ငါတည်းခိုစရာနေရာ အများကြီးရှိပါ လိမ့်မယ်။ ဟော . . တွေ့ပြီ ဟိုး . . ကုန်းမြင့်ထက်က ကြေးရုပ်ဆီမှာ လေကောင်းလေသန့်လဲရတယ်။ ဘေးအန္တရယ်လည်း ကင်းဝေးတယ်.. . . အဲသည်မှာငါ ခိုနားမှာပဲ . . . ”
ပျံလွှားငှက်ငှယ်ဟာ ရွှေရောင်ဝင်းနေတဲ့ ပီတိမင်းသားရဲ့ခြေဖမိုးထက်မှာ ဆင်းသက်ခိုနား လိုက်ပါတယ်. . . “သည်တစ်ညတော့ ငါရွေအိပ်ရာထက်မှာ အိပ်စက်ရမှာ ပါလား။ ငါတော်တော်ကံကောင်းတာပဲ. . . . ”

ထူးဆန်းသည့်မျက်ရည်တစ်စက်.

ပျံလွှားငှက်ငယ်ဟာ ကျေနပ်စွာ နှလုံးသွင်းလိုက်ပြီးတော့ အိပ်စက်ဖို့ပြင်ဆင်လိုက်ပါတယ်.. . သူ့ရဲ့ဦးခေါင်းကို အတောင်ပံတစ်ဘက်အောက်မှာ လျှို့ဝှက်ဖို့အပြုမှာ. . . . ရေစက်ကြီးတစ်ပေါက်ဟာ သူ့ကိုယ်ပေါ်သို့ ဖောက်ခနဲ ကျလာပါတယ်. . .
“ဟင် . . . တယ်ထူးဆန်းပါလား. . ကနေ့ညမှာ ကောင်းကင်တစ်ခုလုံး ကြယ်ရောင်လရောင်နဲ့လင်းလို့. . . ဘယ်မိုးတိမ်မှာလဲမရှိဘဲနဲ့ ဘာကြောင့်မိုးတိမ်စက်ကြီး ကျလာရသလဲ. . . ဥရောပမြောက်ပိုင်းရဲ့ ရာသီဥတုဟာ သိပ်ဆိုးဝါးတာပဲ. . . . ”
ထိုကအခိုက်တွင်. ဒုတိယရေစက်ကြီးတစ်ပေါက် ဟာ ငှက်ငယ်ရဲ့ ကိုယ်ပေါ်သို့ ဖောက်ခနဲကျလာပြန်တယ်။
“အင်း…သည်နေရာက ရွှေရောင်ဝင်းနေပေမယ့် မိုးစက်တွေကိုမှ မကာကွယ်ပေးနိုင်ရင် ဘာများ အသုံးကျမှာလဲလို့ ငါတစ်ခြားတစ်နေရာမှာ သွားတည်းခိုတာကောင်းပါလိမ့်မယ်….. ”
ငှက်ငယ်ဟာ. လျှို့ဝှက်ထားတဲ့ ဦးခေါင်းကိုထုတ်ပြီး အတောင်ပံနှစ်ဘက်ကိုဖြန့်ကာ ထပျံတော့မယ်အလုပ်မှာ တတိယ အကြိမ်ရေစက်ကြီးတစ်ပေါက် သူ့ကိုယ်ပေါ်သို့ ကျလာပြန်တယ်… “အင်း….” လို့ အာမေဍိတ်သံပေးပြီး ငှက်ငယ်ဟာ အပေါ်ကို မော့ကြည့်လိုက်ပါတယ်.. . . . .

ဝမ်းနည်းပူဆွေးခြင်းကို မသိခဲ့သော ပီတိမင်းသား

ပီတိမင်းသားရဲ့မျက်ဝန်းအစုံဟာ မျက်ရည်များနဲ့ပြည့်လျှံနေပြီးတော့ မျက်ရည်ဥတို့က တစ်လုံးပြီးတစ်လုံး သူ့ရဲ့ ရွှေပါးပြင်ပေါ်မှ လိမ့်ဆင်းနေကြတယ်။ လရောင်ဖွေးဖွေးအောက်မှာ သူ့မျက်နှာက လှလွန်းလို့ ပျံလွှားငှက်ငယ် က သနားလာမိတယ်။
"သင်ဟာ ဘယ်သူလည်း . . ငှက်ငယ်ကမေးလိုက်တယ်.. . ."
"ငါက . . . . ပီတိမင်းသားပါ. . ."
"နို့ . . သင်ဘာကြောင့် ငိုနေရတာလဲ . . . သင့်မျက်ရည်တွေကြောင့် ကျုပ်ကိုယ်တောင် . . . ရွှဲရွှဲစိုကုန်ပြီ. . . " "င့ါ ကိုခွင့်လွှတ်ပါ ငှက်ငယ်လေးရယ်. . . ငါအသက်ရှင်နေတုန်းက ၀မ်းနည်းပူဆွေးခြင်းကို ငါမသိခဲ့ဘူး. . . ငါက စန်စူစီမြို့ရဲ့ နန်းတော်ထဲကို ၀မ်းနည်းပူဆွေးခြင်းဆိုတာကို ၀င်ရောက်ခွင့်မပြုဘူးး. . . နေ့အခါမှာ စိမ်းလန်းတဲ့ဥယာဉ်ထဲမှာ အပေါင်းအဖော်တွေနဲ့ ငါကစားရတယ်။ နေ၀င်ချိန်ရောက်လာတော့ နန်းတော်ရဲ့ ခန်းမဆောင်ကြီးမှာ ကပွဲကို ငါဦးဆောင်ရတယ်. . . ငါ့ဘ၀ဟာ ပျော်စရာအတိဖြစ်နေလို့ ငါသိပ်ပျော်ခဲ့တာပေါ့ ကွယ်. . . ဒါကြောင့် နန်းတွင်းသားများက ငါ့ကို ပီတိမင်းသားလို့ ခေါ်ဆိုကြတယ်လေ. . ."
"ဒါပေမယ့် . . . ခုတော့ငါသေပြီလို့ သည်ကုန်းမြင့်ထက်မှာ င့ါကိုတင်ထားကြတော့ င့ါမြို့တော်ရဲ့ အကျည်းတန် တဲ့ရှုကွက်တွေနဲ့ ကြေကွဲစရာကောင်းတဲံ မြင်ကွင်းတွေကို ငါအထင်းသား . . . မြင်နေရတာပေါ. . ဒါကြောင့်လေ ငါ့ရဲ့ နှလုံးသားကို ခဲသတ္တုနဲ့လုပ်ထားပေမယ့် . . ငါမဖြေဆည်နိုင်ပါဘူးကွယ်. . ..ဒါကြောင့် ငါငိုနေရတာပေါ့." "အင်း . . ငါက သူရွှေအတိလို့ထင်နေတာ . . . သူ့နှလုံးသားက ခဲတဲ့. . . ပျံလွှားငှက်ငယ်က သူ့ကိုယ်သူ ပြောလိုက်တယ်. . . ယဉ်ကျေးသူပီပီ မင်းသားရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို မမေးကောင်းဘူးလို့ သူတွေးလိုက် တယ်.. . .. ."

မေတ္တာစေတမန်ငှက်ငယ်


“ ဟို. . . အဝေးကြီးမှာ . . ” ပီတိမင်းသားက ဂီတလိုသာယာတဲ့ အသံတိုးတိုးနဲ့ဆက်ပြောပါတယ်။ “ ဟိုး. . အဝေးကြီးက လမ်းကြားကလေး တစ်ခုမှာ ဆင်းရဲသူမတစ်ယောက်ရဲ့ အိမ်တစ်အိမ်ရှိတယ် ။ အိမ်ရဲ့ပြတင်း ပေါက် တစ်ခုကိုကျော်ဖြတ်ပြီးတော့ စားပွဲမှာ မိန်းကလေး တစ်ယောက်ထိုင်နေတာ ကို ငါတွေ့ရတယ် . . သူမရဲ့မျက်နှာက ပိန်လှီခြောက်တွန့်ြီ့း သောက လှိုင်းတွေထနေပါတယ် . . . သူမရဲ့လက်ဖ၀ါးတွေက ကြမ်းတမ်း လို့ပဲ. . ပြီးတော့ အပ်ထိုးထားမိတဲံ ဒဏ်ရာတွေမှာ သွေးခြေတွေဥနေလို့ တျာတျာနီနေတယ်. . သူမက အပ်ချုပ်သည်လေ. . . မကြာခင် ဘုရင်မရဲ့ အလှဆုံး အပျိုရံတောလကလေး ၀တ်ဖို့အတွက် ၀တ်ရုံရှည်ပေါ်မှာ မေတ္တာပန်းကလေးတွေကို ထိုးသီပေးနေတာလေ. . ၀တ်ရုံကိုလာမယ့် ကပွဲကြီးမှာ ၀တ်ဆင်ရမှာမို့ အပ်ချုပ်သူမ က မနားတမ်း ချုပ်နေရတာ…… ”

“ အခန်းထောင့်မှာ ရှိတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အိပ်ရာ ထက်မှာတော့ သူမရဲ့ သားလေး လျောင်းအိပ်နေပါတယ်. . ဖျားပြီး ကိုယ်ပူနေရှာတယ်. . ဆာလွန်းလို့လဲ တတွတ်တွတ်ငိုနေရှာတယ် . . သူ့မိခင် ကသူ့ကို တိုက်ကျွေးဖို့ နို့ရည်လည်းမရှိဘူး. . . ဆေးလည်းမရှိဘူး . . မြစ်ရေကိုပဲ တိုက်ပေးထားရတယ်လေ. . ပျံလွှားငှက်ငယ်ရယ် င့ါဓားရှည်လက်ကိုင်က ပတ္တမြားကို ဖြုတ်ယူပြီး ကလေးမိခင်ကို သွားပေးပါလားကွယ်…”

ငှက်ငယ်လေးက“ အရှင်မင်းသား . . ကျွန်တော့အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြတယ်. . မနက်ဖြန်ခါကျရင် သူတို့တတွေ နိုင်းလ် မြစ်ဝှမ်းအတိုင်း ပျံသန်းပြီး ကြာပန်းတွေနဲ့ စကားပြောကြလိမ့်မယ်.. ကျွန်တော်လည်း သူတို့နဲ့အတူလိုက်ပါချင်ပါတယ်. . . ” လို့ပြောတာပေါ..

မင်းသားလေး က “ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညတာခိုနားပြီး ငါ့ရဲ့ စေတမန်လုပ်ပေးပါလာကွယ်. . . ” လို့ပြောတော့ မင်းသားရဲ့ မျက်နှာက အလွန်ညှိုးငှယ်နေတဲ့အတွက် ပျံလွှားငှက်ငယ် က စိတ်မကောင်းဖြစ် မိတယ်… ငှက်ငယ်လေး က “ ‘ဒီနေရာကသိပ်ချမ်းပါတယ် ဒါပေမယ့် ကျွန်တော် တစ်ညတာ ဒီမှာနေပြီးတော့ အရှင်မင်းသားရဲ့ စေတမန် အဖြစ်ဆောင်ရွက်ပေးပါ့မယ် လို့”. ပြောလိုက်ပါတယ်.. မင်းသားလေးက “ ကျေးဇူးပဲ ပျံလွှားငှက်ငယ်ရယ်. . ကျေးဇူးပဲ. . .”

ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့ ဓားရှည်လက်ကိုင်ပေါ်က ပတ္တမြားလုံးကြီးကို ဆွဲနုတ်ပြီး သူ့နှုတ်သီးမှာ ကိုက်ချီပြီးတော့ မြို့ပေါ်က ပျံသန်းသွားပါတယ်… အိမ်ခေါင်မိုးတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးတဲ့ အခါ မြို့ တစ်ဖက်စွန်းက ဆင်းရဲသူမရဲ့ အိမ်သို့ရောက်လာပါတယ်. . ဆင်းရဲသူမ က စားပွဲပေါ်မှာ အိပ်ပျော်နေရှာပါတယ်… ဒါနဲ့ငှက်ငယ်က ပတ္တမြားလုံးကြီးကို စားပွဲပေါ်က အပ်ချည်လုံးတွေဘေးမျာ ချထားပေး လိုက်တယ် အဲသည်နောက် သားငယ်ကို ပျံလွှားငှက်ငယ်ကြည့်လိုက်တော့ သားငယ်ကမအိပ်နိုင်ပဲ လူးလှိမ့်နေ တာကို တွေ့ရတယ်.. . ဒါကြောင့်သူ့တောင်ပံလေးတွေနဲ့ ယပ်တောင်သဖွယ် ခပ်ပေးသတဲ့ . .

“အင်း . မေမေ ယပ်ခပ်ပေးလို့ အေးနေတာပဲ” . . သားငယ်က အဲလိုယူဆပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်.. . မိုးလင်းတော့ ပျံလွှားငှက်ငယ်က မြစ်ဆီသို့ ပျံသွားပြီးရေချိုးတယ်.. . “ကနေ့ညတော့ ငါအီဂျစ်ကို အရောက်သွားတော့မယ်” လို့ မြူးပျော်နေပါတယ်.. . .


ဖြူစင်၍ ကြင်နာတတ်သော နှလုံးသားပိုင်ရှင်


စန္ဒာလမင်းထွန်းလင်းလာတဲ့အခါမှာတေ့. ပီတိမင်းသားဆီပျံသွားပြီး . “ အရှင်မင်းသား အီဂျစ်နိုင်ငံကို မှာစရာ ကိစ္စများရှိပါသလား . . ကျွန်တော့ အခု ခရီးစထွက်ပါတော့မယ်... “ပျံလွှားငှက်ငှက်ရယ် ငါ့ထံပါးမှာ တစ်ညလောက် ထပ်မနေနိုင်ဘူးလားကွယ်…”

“ကျွန်တော့ အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြပါတယ်.. မနက်ဖြန်ကျရင် နိုင်းလ်မြစ်ဝှမ်းဘေးက လယ်ခင်းတွေမှာ စပါးနှံတွေကို တပျော်တပါး ကောက်စားကြလိမ့်မယ် ”

“ပျံလွှားငှက်ငယ်ရယ် . ဟိုးမြို့တစ်ဘက်စွန်းနားက အိမ်တစ်ဆောင်ရဲ့ အမိုးအောက်မှာ အခန်းကျဉ်းထဲမှာ လူငယ်တစ်ယောက်ကို ငါတွေ့ရတယ်…သူ့ရဲ့မျက်လုံးတွေက ကျယ်ဝန်းပြီးစိတ်ကူးစိတ်သန်းများနဲ့ ရီဝေနေကြ တယ်. သူက ပြဇာတ်တစ်ပုဒ်ရေးနေတာကွယ့်. . ပြဇာတ်က အဆုံးမသတ်ရသေးဘူး သူသိပ်အေးလွန်းလို့ ဆက်မရေးနိုင်ဘဲ ခိုက်ခိုက် တုန်နေရှာပါတယ်… ”

ဖြူစင်ပြိး ကြင်နာတတ်တဲ့ပျံလွှားငှက်ငယ်လေးက သနားစိတ်ဝင်လာပြီး “ကောင်းပါပြီ အရှင်မင်းသား၊ အရှင်မင်းသားရဲ့ စေတမန်အဖြစ် ကျွန်တော်တစ်ညထပ်မံပြီး တာဝန်ထမ်းဆောင်ပါ့မယ် . . . .”

“ဒါဆိုရင် ငါ့မျက်ဝန်းထဲက နီလာ ၂လုံးရှိပါသေးတယ်.. . အမောင် နီလာမျက်လုံးတစ်လုံးကို ဖြုတ်ယူပြီးတော့ ဟိုလူငယ် ဆီပို့ပေးပါလိုက်ပါကွယ်…

“အို. . အရှင်မင်းသား သင့်မျက်လုံးများကို ကျွန်တော်မဖြုတ်ရက်ပါ.. ပျံလွှားငှက်ငယ်က ၀မ်းနည်းလှိုက်လှဲစွာ ပြောပြီး မျက်ရည်တွေရစ်ဝဲလာပါတယ် ”

“ပျံလွှားငှက်ရယ် ငါအမိန့်ပေးသလို ဆောင်ရွက်စမ်းပါကွယ်…. ” ဒါကြောင့်ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့မျက်လုံးကို ဖြုတ်ယူပြီးတော့ လူငယ်ရဲ့ အခန်းဆီသို့ ပျံသွားတယ်. လူငယ်က သူ့လက်ပေါ်မှာ ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ အတွက် ငှက်ငယ်ရဲ့ အတောင်ပံရိုက်ခတ်သံကို မကြားရဘူးပေါ.. သူ့မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ စားပွဲပေါ်က တောက်ပနေတဲ့ နီလာလုံးကြီးကို တွေ့ရတာပေါ. .. “ငါ့ကို ချီးမွမ်းတဲ့ လူပေါ်လာ ပြီ သည်ကျောက်ကို ငါ့ကို ချီးမွမ်းတဲ့လူက ပေးလိုက်တာဖြစ်မှာပဲ. ငါ့ရဲ့ ပြဇာတကို ပြီးအောင် ဆက်ရေး နိုင်တော့မယ်လို့ပြောပြီး ” အိပ်ပျော်သွားတာပေါ..

အငိုတိတ်သွားသော ကလေးငယ်

နောက်တစ်နေ့ မိုးသောက်တဲ့အခါပျံလွှားငှက်ငယ်က မြစ်ဆိပ်သို့ ပျံသွားပြီးရေချိုးတယ်။ ပြီးတော့ "ငါအီဂျစ်နိုင်ငံ ကိုသွားတော့မယ်ဟေ့လို့ "ဟစ်ကြွေးလိုက်ပါတယ်...မိုးချုပ်ပြီး လမင်းပေါ်ထွက်လာတဲ့အခါမှာ ပီတိမင်းသားထံ ပျံလွှားငှက်ငယ် ပျံသွားပါတယ်... "အရှင်မင်းသား . . . ကျွန်တော်နှုတ်ဆက်ဖို့လာခဲ့တာပါ... ကျွန်တော် ကနေ့ည အီဂျစ်ကိုသွားတော့မယ်. . . . " "ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညလောက်ခိုနားပါဦးလားကွယ်. . "
"ဆောင်းရာသီရောက်နေပြီသခင်ရဲ့၊ အီဂျစ်နိုင်ငံမှာနေရောင်တွေက ပူနွေးတယ်. . . ထန်းပင် အုန်းပင်များ ထက်မှာ ကျွန်တောတို့ခိုနားပြီး နေစာလှုံနိုင်တယ်. . . ကျွန်တော်တို့ရဲ့အဖော်တွေက ဘားလတက် ဘုရားရှိခိုးကျောင်းရဲ့ အမိုးထက်မှာ အသိုက်တွေဆောက်ကြမယ်. . . ကျွန်တော်လည်း ၀ိုင်းကူဆောက် ပေးရမှာပါ.. ကျွန်တော်ဆက်နေလို့မဖြစ်တော့ ဘူး အရှင်မင်းသားရဲ့ . . " လို့ပြောတယ်. . .
မင်းသား က "ပျံလွှားငှက်ငယ် . . ဟိုးကုန်းမြင့်အောက်က စတုရန်းကွက်မြက်ခင်းပေါ်မှာ ကလေးမတစ်ယောက မတ်တတ်ရပ်ပြီးငိုနေရှာတယ်. . . သူ့ဖခင်က သူ့ကိုမီးခြစ်တွေရောင်းခိုင်းလိုက်တာ. . . မီးခြစ်တွေက ရေမြောင်းထဲ ကျသွားလို့ ပျက်စီးကုန်ပြိး ငွေမပါဘဲ အိမ်ပြန်သွားရင် သူ့အဖေကသူ့ကို ကြိမ်လုံးနဲ့ရိုက်တော့မယ်ကွယ့် . . ဒါကြောင့်သူငိုနေတာ.. ကျန်နေတဲ့ ငါ့နီလာမျက်လုံး တစ်လုံးကိုဖြုတ်ယူပြီး ကလေးမကို ပေးလိုက်ပါ. . ငှက်ငယ်ရယ် . . နီလာလုံးပါလာရင် သူ့ဖခင်က ၀မ်းသာပြီး သမီးကိုဖက်လှဲ တကင်း ကြိုဆိုမှာပေါ့ကွယ်.."
"ငှက်ငယ်က ကောင်းပါပြီ အရှင်မင်းသား . . . ကျွန်တော်သည်မှာ တစ်ညထပ်မံပြီးခိုနားပါမယ်. . . ဒါပေမယ့်အရှင်မင်းသားရဲ့ ကျန်နေတဲ့မျက်လုံးကို ကျွန်တော်မဖြုတ်ရက်ဘူး.. ဖြုတ်လိုက်ရင် အရှင်မင်းသား အကန်းဖြစ်သွားမှာပေါ့ . . . " "ပျံလွှားငှက်ငယ် . . ငါအမိန့်ပေးသလိုလုပ်စမ်းပါကွာ...... "ငှက်ငယ်က မလွဲသာတော့ ဘဲ နီလာမျက်လုံးကို ဖြုတ်ယူလိုက်ရတယ်. . . ပြီးတော့ အရှိန်နဲ့ပျံဆင်းသွားပြီး ကလေးမရဲ့လက်ထဲကို နီလာလုံး ထည့်ပေးလိုက်တယ်....
"ဟင်. . .သိပ်လှတဲ့ ဖန်လုံးလေးပါလား ဖေဖေ့ကို ငါပြန်ပြမယ်. . " ကလေးမလေးကအငိုတိတ်ပြိး မြူးမြူးကြွကြွနဲ့ အိမ်သို့ပြန်ပြေးသွားပါတယ်. . . သူ့အဖေက နီလာလုံးမှန်းသိတော့ သမီးကိုဖက်ထားတာပေါ့ . . .

သစ္စာရှိသော ပျံလွှားငှက်ငယ်

ပျံလွှားငှက်ငယ်က အဲသည်အဖြစ်ကလေးကို လိုက်ကြည့်ပြီးမြင်လိုက်ရတော့ သိပ်ပျော်သွားတယ် ပြီးတော့ မင်းသားထံ ပြန်လာတယ်. . . "အရှင်မင်းသား သခင်က မျက်စိနှစ်ဘက်လုံး ကန်းနေပြီမို့ သခင်နားမှာပဲ ကျွန်တော် အမြဲနေပါတော့မယ်. . . " မင်းသားက "မဖြစ်ဘူး ပျံလွှားငှက်ငယ်ရဲ့ . . ရာသီဥတုပူနွေးတဲ့ အီဂျစ်နိုင်ငံကို မင်းသွားမှဖြစ်မယ်. . " " ဟင့်အင်း အရှင်မင်းသားနဲ့ပဲ အမြဲအတူနေမယ် " လို့ပြောပြီး ငှက်ငယ်က မင်းသားရဲ့ ခြေဖမိုးထက်မှာ နားဝပ်ပြိး အိပ်စက်ပါတော့တယ်.. .
နောက်နေ့မှာ မင်းသားရဲ့ပခုံးပေါ်မှာ နားပြီးသူမြင်တွေ့ခဲ့တဲ့ အဖစ်တွေကို တစ်နေကုန်ပြောပြပါတယ်. . . အဲဒီမှာ မင်းသားက "ချစ်ဖွယ်ကောင်းတဲ့ ပျံလွှားငှက်ငယ် အမောင်ပြောတဲ့အကြောင်းအရာတွေထက် အံ့သြစရာကောင်း တာက ယောကျာ်းများနှင့် မိန်းမများ ခံစားနေရတဲ့ ဒုက္ခများ အကြောင်းပေါ... သင် ငါတို့မြို့ပေါ်ကို အမောင်ပျံသွားပါ. . ဘာတွေမြင်ရသလဲဆိုတာ ငါ့ကို ပြောပြနော် လို့ပြောသတဲ့.. . "
ပျံလွှားငှက်လေးလည်း မြို့ကြီးပေါ်ကို ပျံသွားလိုက်ကြည့်တယ်. . . ချမ်းသားတဲ့လူတွေက ကလှပတဲ့ အိမ်ကြီးထဲမှာ ပျော်၂ရွင်၂ ခံစားနေခိုက်မှာ သူတောင်းစားများက သူတို့အိမ်ဝမှာ ရပ်စောင့်နေတာကိုတွေ့ရတယ်.. . မှောင်နေတဲ့လမ်းကြားမှာ အာဟာရပြတ်ပြိး မျက်နှာဖြူဖပ်ဖြူရော်နဲ့ တစာစာ ငိုကြွေးနေတဲ့ ကလေးတွေကိုတွေ့ရတယ်. . .
ဆင်းရဲသူများအတွက် ရွှေရွက်လွှာ
အဲသည်နောက်မျာ ပျံလွှားငှက်ငယ်က မင်းသားထံ ပျံသွားပြီး သူမြင်တွေ့ရခဲ့သမျှကို ပြောပြတယ်..
"ပျံလွှားငှက်ငယ် . . ငါ့တစ်ကိုယ်လုံးဟာ အဖိုးတန် တဲ့ရွှေရွက်လွှာတွေနဲ့ ဖုံးအုပ်ထားပါတယ်. . . အဲသည့်ရွှေရွှက်လွှာ တွေကို အမောင်ခွာယူပြီး တော့ ငါ့မြို့တော်က ဆင်းရဲသားတွေကို ဝေငှပေးလိုက်ပါကွယ်... "
ပျံလွှားငှက်ငယ်ဟာ မင်းသားအမိန့်ရှိသည့်အတိုင်း မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာများကို တစ်ရွက်ပြီးတစ်ရွက် ခွာယူတယ် . . . ပြီးတော့ဆင်းရဲသားတွေကို လိုက်လံဝေငှပေးတယ်. . အာဟာရဓာတ်ပြည့်ဝလာကြတဲ့ ကလေးတွေရဲ့မျက်နှာကလေး များ ဟာ နှင်းဆီသွေးရောင်သန်းလာကြတယ်. . . ပြီးတော့ ကလေးတွေ လမ်းပေါ်မှာ မြူးတူးကစားကြတယ်. . . ကြာလာတဲ့အခါမှာ မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာတွေ ကုန်ပါရော. . အဲသည် တော့ မင်းသားကြေးရုပ်ဟာ ကိုယ်ရောင်ကိုယ်ဝါမတောက်ပတော့ ဘဲ မွဲပြာရောင်ပေါက်ပြီး မှိန်နေတာပေါ့. ...
ဒါနဲ့ ဆောင်းရာသီရောက်လာလို့ နှင်းပန်းနှင်းပွင့်တွေ အဖတ်လိုက် ဝေကျလာကြတယ် . . . ပျံလွှားငှက်ငယ်က ချမ်းရှာလွန်းလို့ ခိုက်ခိုက်တုန်နေပါတယ်. . ဒါပေမယ့် သူချစ်တဲ့ ပီတိမင်းသားနဲ့ သူမခွဲနိုင်ဘူးတဲ့. . . ပေါင်မုန့်ဖိုရဲ့ တံခါးအပြင်ဘက်မှာ စွန့်ပစ်ထားတဲ့ ပေါင်မုန့်အစအနလေးများကို ကောက်ယူစားသောက်ပြီး သူ့ကိုယ်သူနွေးအောင်. အတောင်ပံနှစ်ဘက်ကို ရိုက်ခတ်ရှာတယ်. . . သို့ပေမယ့် ရာသီဥတုကအေးလွန်းတော့ လွန်ကဲတဲ့ အအေးဒဏ်ကို သူမတွန်းလှန်နိုင်ဘူး . . . သူ့အင်အားက ကုန်ခန်းလာပြီ. . . သူ့သွေးကလည်း . . အေးစက်လွန်းလို့ ခဲလာနေပြီ . . သူ့ရဲ့နောက်ဆုံး အချိန်က နီးကပ်လာပြီဆိုတာကို ပျံလွှားငှက်ငယ် သိလိုက်ပါပြီ . . .

နောက်ဆုံးနုတ်ဆက်ခဲ့ပါတယ်

ဒါကြောင့်ရှိသမျှခွန်အားလေးကို အသုံးပြုပြီး ပီတိမင်းသားရဲ့ ပခုံးပေါ်ကို သူနောက်ဆုံး အကြိမ်အဖြစ် ပျံတက်လိုက် ပါတယ်. . . "အရှင်မင်းသား ကျွန်တော်သွားတော့မယ်နော် "ပျံလွှားငှက်ငယ်က နောက်ဆုံး နုတ်ဆက် တဲ့အနေနဲ့ တိုးတိုးလေး နှုတ်ဆက်လိုက်ပါတယ်. . .
"ပျံလွှားငှက်ငယ်ရယ် . . . အခုလို အချိန်မနှောင်းခင်လေး မှာ အီဂျစ်နိုင်ငံဆီသို့သွားဖို့ အမောင်ဆုံးဖြတ်လိုက် တာ ငါသိပ်ဝမ်းသာပါတယ် ကွယ်. . . အမောင် ဒီမျာ နေတာကြာလွန်းလို့ ရာသီတောင် သိပ်အေးနေပြီကွယ့် .. မသွားခင် ကလေးမှာ င့ါရဲ့ နှုတ်ခမ်းတွေကို နမ်းသွားပါဦးကွယ်. . ငါက အမောင်ကို သိပ်ချစ်တာ. . . "
"ကျွန်တော်သွားရမှာက အီဂျစ်နိုင်ငံဆီမဟုတ်ပါဘူး သခင်ရယ် ကျွန်တော် က သေခြင်းရဲ့ အိမ်ကို သွားရမှာပါ. . သေခြင်းဆိုတာလည်း အိပ်ပျော်ခြင်း ရဲ့ အစ်ကိုပဲမဟုတ်လား . . . " အဲလိုပြောပြီးတော့ ငှက်ငယ် က ခွန်အားအကုန်စိုက်ထုတ်ပြီး မင်းသားရဲ့နှုတ်ခမ်းကို နမ်းလိုက်ပါတယ်. . . နမ်းရှုပ်ပြီးလို့ ပျံလွှားငှက်ငယ်ရဲ့ ဇီဝိန် ပြတ်ကြွေသွားလို့ ငှက်ငယ်ရဲ့ ကိုယ်ခန္ဓာဟာ မင်းသားရဲ့ခြေရင်းသို့ပြုတ်ကျသွားတော့တယ်...

ဇာတ်သိမ်း ကိုဆက်ဖတ်ပါရန်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဆင်းရဲသူများအတွက် ရွှေရွက်လွှာ

ဆင်းရဲသူများအတွက် ရွှေရွက်လွှာ
အဲသည်နောက်မျာ ပျံလွှားငှက်ငယ်က မင်းသားထံ ပျံသွားပြီး သူမြင်တွေ့ရခဲ့သမျှကို ပြောပြတယ်..
"ပျံလွှားငှက်ငယ် . . ငါ့တစ်ကိုယ်လုံးဟာ အဖိုးတန် တဲ့ရွှေရွက်လွှာတွေနဲ့ ဖုံးအုပ်ထားပါတယ်. . . အဲသည့်ရွှေရွှက်လွှာ တွေကို အမောင်ခွာယူပြီး တော့ ငါ့မြို့တော်က ဆင်းရဲသားတွေကို ဝေငှပေးလိုက်ပါကွယ်... "
ပျံလွှားငှက်ငယ်ဟာ မင်းသားအမိန့်ရှိသည့်အတိုင်း မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာများကို တစ်ရွက်ပြီးတစ်ရွက် ခွာယူတယ် . . . ပြီးတော့ဆင်းရဲသားတွေကို လိုက်လံဝေငှပေးတယ်. . အာဟာရဓာတ်ပြည့်ဝလာကြတဲ့ ကလေးတွေရဲ့မျက်နှာကလေး များ ဟာ နှင်းဆီသွေးရောင်သန်းလာကြတယ်. . . ပြီးတော့ ကလေးတွေ လမ်းပေါ်မှာ မြူးတူးကစားကြတယ်. . . ကြာလာတဲ့အခါမှာ မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာတွေ ကုန်ပါရော. . အဲသည် တော့ မင်းသားကြေးရုပ်ဟာ ကိုယ်ရောင်ကိုယ်ဝါမတောက်ပတော့ ဘဲ မွဲပြာရောင်ပေါက်ပြီး မှိန်နေတာပေါ့. ...
ဒါနဲ့ ဆောင်းရာသီရောက်လာလို့ နှင်းပန်းနှင်းပွင့်တွေ အဖတ်လိုက် ဝေကျလာကြတယ် . . . ပျံလွှားငှက်ငယ်က ချမ်းရှာလွန်းလို့ ခိုက်ခိုက်တုန်နေပါတယ်. . ဒါပေမယ့် သူချစ်တဲ့ ပီတိမင်းသားနဲ့ သူမခွဲနိုင်ဘူးတဲ့. . . ပေါင်မုန့်ဖိုရဲ့ တံခါးအပြင်ဘက်မှာ စွန့်ပစ်ထားတဲ့ ပေါင်မုန့်အစအနလေးများကို ကောက်ယူစားသောက်ပြီး သူ့ကိုယ်သူနွေးအောင်. အတောင်ပံနှစ်ဘက်ကို ရိုက်ခတ်ရှာတယ်. . . သို့ပေမယ့် ရာသီဥတုကအေးလွန်းတော့ လွန်ကဲတဲ့ အအေးဒဏ်ကို သူမတွန်းလှန်နိုင်ဘူး . . . သူ့အင်အားက ကုန်ခန်းလာပြီ. . . သူ့သွေးကလည်း . . အေးစက်လွန်းလို့ ခဲလာနေပြီ . . သူ့ရဲ့နောက်ဆုံး အချိန်က နီးကပ်လာပြီဆိုတာကို ပျံလွှားငှက်ငယ် သိလိုက်ပါပြီ . . .

နောက်ဆုံးနုတ်ဆက်ခဲ့ပါတယ်

ဒါကြောင့်ရှိသမျှခွန်အားလေးကို အသုံးပြုပြီး ပီတိမင်းသားရဲ့ ပခုံးပေါ်ကို သူနောက်ဆုံး အကြိမ်အဖြစ် ပျံတက်လိုက် ပါတယ်. . . "အရှင်မင်းသား ကျွန်တော်သွားတော့မယ်နော် "ပျံလွှားငှက်ငယ်က နောက်ဆုံး နုတ်ဆက် တဲ့အနေနဲ့ တိုးတိုးလေး နှုတ်ဆက်လိုက်ပါတယ်. . .
"ပျံလွှားငှက်ငယ်ရယ် . . . အခုလို အချိန်မနှောင်းခင်လေး မှာ အီဂျစ်နိုင်ငံဆီသို့သွားဖို့ အမောင်ဆုံးဖြတ်လိုက် တာ ငါသိပ်ဝမ်းသာပါတယ် ကွယ်. . . အမောင် ဒီမျာ နေတာကြာလွန်းလို့ ရာသီတောင် သိပ်အေးနေပြီကွယ့် .. မသွားခင် ကလေးမှာ င့ါရဲ့ နှုတ်ခမ်းတွေကို နမ်းသွားပါဦးကွယ်. . ငါက အမောင်ကို သိပ်ချစ်တာ. . . "
"ကျွန်တော်သွားရမှာက အီဂျစ်နိုင်ငံဆီမဟုတ်ပါဘူး သခင်ရယ် ကျွန်တော် က သေခြင်းရဲ့ အိမ်ကို သွားရမှာပါ. . သေခြင်းဆိုတာလည်း အိပ်ပျော်ခြင်း ရဲ့ အစ်ကိုပဲမဟုတ်လား . . . " အဲလိုပြောပြီးတော့ ငှက်ငယ် က ခွန်အားအကုန်စိုက်ထုတ်ပြီး မင်းသားရဲ့နှုတ်ခမ်းကို နမ်းလိုက်ပါတယ်. . . နမ်းရှုပ်ပြီးလို့ ပျံလွှားငှက်ငယ်ရဲ့ ဇီဝိန် ပြတ်ကြွေသွားလို့ ငှက်ငယ်ရဲ့ ကိုယ်ခန္ဓာဟာ မင်းသားရဲ့ခြေရင်းသို့ပြုတ်ကျသွားတော့တယ်...

ဇာတ်သိမ်း ကိုဆက်ဖတ်ပါရန်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ထူးခြားဆန်းကြယ်သော နှလုံးသား

ထူးခြားဆန်းကြယ်သော နှလုံးသား

အဲသည်အခိုက်အတန့်မှာ ကြေးရုပ်ရဲ့ ရင်ဘတ်အတွင်းဘက်က တစ်စုံတစ်ရာ ကြေကွဲသွားသလို "ဖျပ်" ဆိုတဲ့ အသံထွက်ပေါ်လာပြီးတော့ ကြေးရုပ်ဟာ ဦးခေါင်းထက်ကနေ ပေါင်ခြံရင်းအထိ ထူးထူးဆန်းဆန်း ကွဲအက်သွားပါ တော့တယ်. . . အအေးဓာတ်ပဲ လွန်ကဲသွားလွန်းလို့လား . . စကားပြောတတ်တဲ့ မင်းသားရုပ်တုက စိတ်ထိခိုက်လွန်းလို့ နှလုံးသား ကွဲသွားပြီးတော့ ရင်သားပါကွဲအက်သွားလေသလား . .
နောက်တစ်နေ့နံက်မှာ မြို့တော်ဝန်နဲ့ သူ့အကြံပေး အဖွဲ့က မြို့တော်ကို လှည့်ပတ်ကြည့်ရှုရင်းနဲ့ မင်းသားကြေးရုပ် ရဲ့ ခြေရင်းဆီသို့ ရောက်လာကြပါတယ်. . . မျက်လုံး ဟောက်ပက် . . ရင်ဘတ်ကွဲအက်ပြီး ညိုမွဲ မည်းခြောက်နေတဲ့ ကြေးရုပ်ကို မြင်ရတဲ့အခါ သူတို့ရဲ့ မျက်နှာတွေ ရှုံ့မဲ့သွားကြတယ်. . .
"အောင်မယ်လေးဗျာ . . ပီတိမင်းသားရဲ့ ကြေးရုပ်က စုတ်ပြတ်နေပါလား . . . ."
"ဟုတ်ပါတယ်. . သိပ်ကျက်သရေမဲ့ နေတာပဲ ၀န်မင်းရဲ. . . ."
မြို့တော်ဝန်မင်းနဲ့ အစဉ်သဘောတူညီလေးရှိကြတဲ့ အတိုင်ပင်ခံလူကြီးမင်း များ က တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြတယ်. . . " ဟော . . ကြည့်စမ်းပါအုံး . . ကြေးရုပ်ရဲ့ခြေရင်းမှာလဲ ပျံလွှားငှက်ငယ် တစ်ကောင် သေနေတယ် . . . . ကြံကြံဖန်ဖန်ဗျာ "
"ဟုတ်ပေတယ် မြို့ဝန်မင်း . . ငှက်တွေဟာ သည်မှာလာပြီး မသေရဘူးလို့ အမိန့်ထုတ်ပြန်လိုက်ရင် ကောင်းမယ်.... "
မြို့ဝန်မင်း ထွက်သွားပြီးတဲ့နောက် အကြံပေးလူကြီးမင်းများရဲ့ ဆင့်ကဲအမိန့်ကြောင့် ကြေးရုပ် ကို ဖြုတ်ချပြီး ကြေးရည်ကျိုဌာန သို့ပို့လိုက်ကြတယ် . .. ပီတိမင်းသားရဲ့ ကြေးရုပ်ကို အရည်ကျိုတဲ့အခါ ခဲနှလုံးသားက ထူးထူး ခြားခြား အရည်မပျော်ဘဲ ကျန်ရစ်တယ်. . . ကြေးရည်ကျိုဌာနက ကြီးကြပ်ရေးမှူးက ခဲနှလုံးသားကို ဆယ်ယူ စစ်ဆေးလိုက်တဲ့ အခါ နှစ်ခြမ်းကွဲနေတာကို ထူးခြားစွာတွေ့ရပြန်တယ်. . . .
"ဟဲ . . . ဟဲ အတော်ထူးဆန်းသဗျို့ . . သည်နှလုံးကွဲကြီး က အရည်ကြိုလို့မပျော်ဘူး . . . ကဲကဲ အပြင်အမှိုက်ပုံ မှာ ပစ်လိုက်ပါတော့ . . . "
ကြီးကြပ်ရေးမှူးရဲ့ အမိန့်အရ ခဲနှလုံးကွဲကို အလုပ်သမားတစ်ယောက် က အပြင်အမှိုက်ပုံထဲ ပစ်ထဲ့လိုက်တယ်... နှလုံးကွဲကျသွားတဲ့နေရာကို ကြည့်မိလိုက်တဲ့ လူတွေက ခပ်စောစောက အမှိုက်ပုံထဲပစ်ထည့်ထားခဲ့တဲ့ ပျံလွှားငှက် အသေကောင်နဲ့နှလုံးကွဲတို့ ယှဉ်တွဲနေကြတာကို တွေ့ကြပေလိမ့်မယ်. . . .

အဖိုးတန်ဆုံးအရာနှစ်ခု

အဲသည်အချိန်မှာ ဘုရားသခင်က သူ့ရဲ့ စေတမန်နတ်သား တစ်ပါးကို အမိန့်ပေးလိုက်တယ်. .
"အမောင်နတ်သား . . လူ့ပြည်သို့ဆင်းပြီး စန်စူစီမြို့ထဲက အဖိုးတန်ဆုံးအရာ သတ္တုနှစ်ခုကို ယူလာစမ်း.."
နတ်သားက ခဲနှလုံးကွဲနဲ့ ငှက်အသေကောင်တို့ကို ယူဆောင်လာပြီး ဘုရားသခင်အား ဆက်သလိုက်တယ်. ..
"မှန်ပေတယ် အမောင်နတ်သား သည်အရာ ၀တ္တုနှစ်ခုက "မေတ္တာနှင့်သစ္စာ" တို့ရဲ့ အထိမ်းအမှတ်မို့ အဖိုးတန် ဆုံးပါပဲ. . . သည်ပျံလွှားငှက်ယ်ကို င့ါရဲ့ဥယာဉ်ထဲမှာ အမြဲတမ်းသီချင်းသီဆို နေဖို့ ငါခွင့်ပြုလိုက်ပြီ . . ပီတိမင်းသားကိုလည်း င့ါရဲ့ ရွှေမြို့တော်မှာ အမြဲတမ်း ပျော်ပျော်ရွင်ရွင် နေထိုင်ခွင့်ပြုလိုက်ပြီ. . . "
ဒါ့ကြောင့် ပီတိမင်းသားနဲ့ပျံလွှားငှက်ငယ်တို့ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ အတူယှဉ်တွဲပြီး အမြဲတစေ ပျော်ပျော်ပါးပါး နေထိုက်သွားနိုင်ကြတော့တယ်. . . .
(ဆင်းရဲခြင်းဒုက္ခတို့ ပြည့်လျှံနေတဲ့ လောကဘုံမှာ မေတ္တာ နှင့် သစ္စာ ပန်းတို့ အမြဲဖူးပွင့်ဝေဆာနိုင်ကြပါစေ.)

(ကမ္ဘာကျော် စာရေးဆရာ Oscar Wilde ၏ The Happy Prince ကို ရသမြောက်အောင် ဘာသာပြန်ဆိုထားပါသည်။ )
ဒေါက်တာမင်းတင်မွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

အလိုအပ်ဆုံး


အလိုအပ်ဆုံး

အရွယ်အို အမေဗျာဆရာမကြီး ကို သား(၃) ဦးက မွေးနေ့လက်ဆောင်များ အဖြစ် . . .
ပထမသားကြီးက - ကောင်းမွန်သပ်ရပ် ကျယ်ဝန်းလှပတဲ့ တိုက်အိမ်ကြီးတစ်လုံး ၀ယ်ပေးလိုက်ပါတယ်....

"သားကြီးရယ် အိမ်ကြီးကကျယ်ဝန်းလှပါတယ် . . . အမေ့အတွက် တစ်ခန်းရှိတယ်ဆို လုံလောက်ပါပြီကွယ် . . . အိမ်ကြီးကကျယ်လွန်းတော့ ထိန်းသိမ်းရ၊ အမှိုက်လှည်းရ၊ သန့်ရှင်းရေးလုပ်ရတာ တာဝန်ကြီးပြီး အမေ့အတွက် ပင်ပန်းလှပါတယ်ကွယ်. . . . လို့ပြောသတဲ့ . . . "
သားလတ်ကတော့ ကားတစ်စီးဝယ်ပေးလိုက်ပါတယ် . . .
"သားရယ် အမေက အရွယ်အိုလှပြီ ဆိုတော့ ခရီးမသွားနိုင်ပါဘူးကွယ် . . . . အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေတာ ဆိုတော့ ကားကအမေ့အတွက် အပိုပစ္စည်းတစ်ခုလို ဖြစ်နေတယ်. . . ထိန်းသိမ်း စောင့်ရှောက် ရတာ တာဝန်တစ်ခု ပါပဲကွယ် . . . "
သားငယ်လေးကတော့ လေ့ကျင့်သင်ကြားပေးထားလို့ ကဗျာပုဒ်ရေ ၁၀၀၀ ကျော်ရွတ်နိုင်တဲ့ ကြက်တူရွေးလေး တစ်ကောင် ၀ယ်ပေးလိုက်ပါတယ်. . . .
"သားလေးရေ အမေက အရွယ်အိုဆိုတော့ ကဗျာ၊ စာဝါသနာပါပေမယ့် စိတ်သာရှိပြီး . . . မျက်စိမွဲတော့ မရေးနိုင်၊ မဖတ်နိုင် ဖြစ်နေတာ. . . သားလေးပေးတဲ့ ကြက်တူရွေးလေးက အမေမသိသေးတဲ့ ကဗျာတွေရွတ်ပြတာကို နားထောင်ရတာ ပီတိဖြစ်လိုက်တာ. . . . ပြီးတော့ အမေ့စိတ်ကူးနဲ့စပ်ဆိုတားတဲ့ ကဗျာလေးတွေ ပြန်ရွတ်ပြတော့ နောက်တစ်နေ့မှာ သူက ပြန်ရွတ်ပြနိုင်တယ်ကွယ်. . . . ကဗျာသံ၊ စာသံကြားနေရတော့ ၀မ်းသာ ကြည်နူးစိတ်ချမ်းသာရတယ် ကွယ်. . . "
"သားလေးရဲ့ကြက်တူရွေးက အစ်ကိုကြီးတွေရဲ့ အိမ်တွေ၊ ကားတွေထက်၊ အမေ့အဖို့တော့ တန်ဖိုးရှိလှပါသကွယ် . . . . "
အာလုံး လိုအပ်ချက်နဲ့ဖြစ်လာတာတွေအားလုံး ဆန္ဒတွေတူညီပါစေ. . . .

ရှိန်တင်ဦး (ပေါင်းတည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ရှဥ့်လေးတွေရဲ့သတ္တိ


ရှဥ့်လေးတွေရဲ့သတ္တိ

လွန်ခဲ့သော ၁၅နှစ်ခန့်ကဖြစ်ပါသည် . . . ကျွန်တော်စာရေးဆရာ ပေါက်စဘ၀ . ၀င်ငွေမသေချာသေးသည့် အချိန်မှာ တိတ်ဆိတ်သည့်ပန်းခြံတစ်ခုထဲသို့ ကျွန်တော်ဝင်လာခဲ့သည်. . . ကျွန်တော့ အမျိုးသမီးနှင့်စေ့စပ်ထား သည်မှာ ၄နှစ်ရှိသွားပြီဖြစ်သည် သို့သော လက်ထပ်ဖို့မစဉ်းစားနိုင်သေး.
အဲသည် အခိုက်အတန့်မှာပင် ပန်းခြံထဲရှိသစ်ပင်မြင့်ကြီးထက်တစ်ခုမှ ရှဥ့်လေးတစ်ကောင် နောက်သစ်ပင်ကြီး တစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်. . . သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှာ သစ်ကိုင်းက သူနှင့် အတော်ပင် အလှမ်းဝေးသည်. . .မြင့်လည်းအမြင့်ကြီး သူလုပ်ပုံက စွန့်စားတာနှင့် မတူ သတ်သေဖို့ ကြံစည်နေသလားပင် အောင်မေ့ရသည်. . တကယ်လည်း သူခုန်သည့်အကိုင်းကြီးသို့မရောက်ပါ. .. လေထဲပြုတ်ကျလာသည် . . သို့သော အောက်ဘက်က နိမ့်သည့်သစ်ကိုင်း အနိမ့်တွင် ဘေးမသီရန်မခ သွားချိတ်မိသည် . . ပြီးတော့ ဘာမှ မမှုသလိုဟန်မျိုးနှင့် နဂိုရည်ရွယ်ရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်. ..
ခုံတန်းလျားပေးထိုင်နေသည့်  အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်. . . " အံ့သြစရာကွာ ဒီကောင်တွေခုန်တာ ကိုယ်အကြိမ်ပေါင်းရာချီ အောင်မြင်ဘူးတယ်.. အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ်ဆင်း မလာနိုင်တဲ့အချိန် မှာ ခုန်တယ် ဒါပေမယ့် လဲသွားတာပဲ. . . . ဒါပေမယ့် အဲဒီလိုကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ " အဘိုးကြီးက ကျေနပ်အားရသော ဟန်ဖြင့်ရယ်သည်. . ပြီးတော့မှ " အေးလေ သစ်ပင်တစ်ပင်တည်းပေါ်မျာ ချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ " ဟုဆိုလေသည်. . .
သည်စကားကြားပြီး ကျွန်တော့ ခေါင်းထဲ အတွေးတစ်ခုဝင်သွားသည်. . . "ရှဥ့်တစ်ကောင်တောင် ရှိတဲ့ အခွင့်အရေးကို ရယူဖို့ကြိုးစားတယ် ၊ ငါကရှဥ့်လောက်သတ္တိမရှိဘူးလား "
ကျွန်တော်ကြာကြာမဆိုင်းပါ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်. . . စာတွေကို နှစ်ဆ ဆလောက်မြန်အောင်ရေးသည်. ထို့နောက်တွင် မထင်မှတ်လောက်အောင် လျင်မြန်စွာ အောင်မြင်ခဲ့သည်. နှစ်အနည်းငယ်အကြာတွင် မိတ်ဆွေတစ်ဦးက စာပေဟောပြောရန် ကမ်းလှမ်းလာပါသည်. ကျွန်တော် အကြောင်းတစ်ခုပြပြီးငြင်းဆိုခဲ့ပါသည်. . .
သည်အချိန်တွင် ဇနီးက စကားတစ်ခွန်းဝင်ပြောပါသည်. . . "တစ်ခါတုန်းကရှဥ့်လေး တစ်ကောင်ရှိတယ်. . . မှတ်မိလား . . ." ဟူ၍. . . သူကခုန်ဖို့တိုက်တွန်းလိုက်ခြင်းဖြစ်ပါသည်. . . .မှန်သည် ကြိုးစားကြည့်ခြင်းဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်တာ. . . သည်တွင် ကျွန်တော်ဆုံးဖြတ်ချက်ချပြီး စာပေဟောပြောပွဲ သို့လိုက်ခဲ့ပါသည်. ...
သည့်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီးလုပ်မလား . . . နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့်အခါတိုင်း ရှဥ့်လေးတစ်ကောင်ကို ကျွန်တော်ပြေးသတိရသည်. . . တစ်ဆက်တည်းမှာပင် အဘိုးအို၏ အသံကို နားထဲပြန်ကြား ယောင်လာမိပါသည်. . . .
သို့နှင့် ကျွန်တော် အကြိမ်ကြိမ် ခုန်ဖြစ်ခဲ့ပါသည်. ... သည်လိုခုန်ရင်းက ရှဥ့်လေးတွေ ဘာကြောင့် မကြာခဏခုန်ကြ သလဲဆိုတာပါ ကျွန်တော်သဘောပေါက်လာပါသည်. ..

ခုန်ရတာပျော်စရာပေကိုး

ဖေမြင့်( နှလုံးသားအာဟာရ)
(Oscar Schisgall ၏ Once Teree Was Squirrel) ကိုဘာသာပြန်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ကျားသစ်တွေဘာကြောင့်အရေခွံလှ


ကျားသစ်တွေဘာကြောင့်အရေခွံလှ

ကမ္ဘာဦးအစကပေါ့
ကျားသစ်တွေဟာ ခြင်္သေ့တွေလိုပဲ ၊ အရောင်က ညိုညစ်ညစ်နဲ့လှတာမဟုတ်ဘူး သစ်ကုလားအုတ်တွေလို မြင်းကျားတွေလို မလှပတဲ့သူ့ဘ၀ကို တွေးပြီး ကျားသစ်ခမျာ စိတ်လက်မသာမယာဖြစ်နေတယ် . . ဒါပေမယ့် ဒီကိစ္စကို ကျားသစ်က ဘယ်သူ့ကိုမျှ အသိမပေးဘူး . . . သူ့ဘာသူ ကြိတ်ခံစားနေရှာတာ

တစ်နေ့မှာတော့ သူဟာ လမ်းလျှောက်ထွက်လာရင်း မြွေတစ်ကောင်နဲ့က တွေ့သတဲ့ ဒီအခါ မြွေက '"အလို ကိုကျားသစ် လို့ ချည့်နဲ့နဲ့လေသံနဲ့ နှုတ်ခွန်းဆက်သတဲ့. "
"ကျွန်တော် တော်၂လေးနေမကောင်းဖြစ်နေတယ် အခြေအနေမကောင်းဘူး . . ဘယ်သူ့မှလည်း မကူညီကြပါဘူးဗျာလို့ အားငယ်တဲ့လေသံနဲ့ ပြောပြန်တယ်. . . "

"ဒါလားမဆန်းပါဘူးကွာ " လို့ ကျားသစ်က ဂျစ်ကန်ကန်နဲ့ပြန်ပြောတယ် . "မင်းလို အယုတ်တမာကောင်မျိုး အခြားကောင်တွေကကြောက်နေတာကွာ ဘယ်သူက မင်းကို ကူညီမလဲ ဒါပေမယ့် မင်းနေမကောင်းတုန်းတော့ ငါကူညီပါ့မယ်ကွာ . . လို့" ကျားသစ်ကပြောပြီး စေတနာနဲ့က ကူညီပေးတယ် . .

မြွေပြန်ပြီးနေကောင်းလာတဲ့အထိကို စောင့်ရှောက်ပြုစုပေးနေတာ . . ဒီလိုနဲ့မြွေနေကောင်း လာတယ် . . မြွေဟာ ကျားသစ်ကို ကျေးဇူးတင်လွန်းလို့ . "ခင်ဗျားရဲ့စေတနာကို တုံ့ပြန်တဲ့အနေနဲ့ ခင်ဗျား လိုချင်တာတစ်ခုကို ကျွန်တော်ပေးပါရစေဗျာလို့ "ပြောသတဲ့ . . . .

ဒီတစ်ခါ ကျားသစ်က "မင်းမတတ်နိုင်ပါဘူးကွာလို့ ငါက လှလှပပ အရေပြားရှိချင်တာ. . . လှပတဲ့ အရေပြားမရှိတဲ့ ဘ၀မှာ ဘာရရ အဓိပ္ပါယ် မရှိပါဘူး လို့ . . . ညည်းညည်းညူညူ ပြောတယ် ". . .

ဒီအခါ မြွေက "ကျွန်တော်ခင်ဗျားကို လှလှပပ အရေပြား ပေးနိုင်ပါတယ်ဗျာ ခင်ဗျားကို ကျွန်တော်ကိုက်မယ် ဒါပေမယ့် မကြောက်နဲ့နော် ခင်ဗျားကို အဆိပ်မသင့်စေရဘူး . . ခင်ဗျား ကိုယ်ပေါ်မှာ လှလှပပ အစက်အကွက်တွေ ပေါ်လာရုံကိုက်မှာ တစ်ကိုယ်လုံး အ၀ါလေးတွေ ၊ အနီလေးတွေ အညိုလေးတွေ အစပ်ဟပ်တည့်တည့်နဲ့ကို လှနေမှာနော်လို့ "ပြောပြတယ်. . .

ဒါနဲ့ မြွေဟာ ကျားသစ်ကို ကိုက်ခဲလိုက်တယ် . . တကယ့်ကိုပဲ ကျားသစ်ရဲ့ အရေပြားပေါ်မှာ ချက်ချင်း ဆိုသလို လှပတဲ့ အစက်အကွက်တွေ ပေါ်လာပါရော . . ဒီအချိန်ကစလို့ ကျားသစ်တွေမှာ အခြားသတ္တ၀ါတွေထက် လှပတဲ့ အရေပြားတွေရှိလာခဲ့တယ် . . . မြွေနဲ့ကျားသစ်ဟာလည်း တကယ့်ကို မိတ်ဆွေရင်းချာတွေဖြစ် သွားတော့တယ် တစ်ဦးနဲ့တစ်ဦး မကောင်းမကြံကြဘဲ ထာဝရ ခင်မင်ရင်းနှီးသွားကြသတဲ့ကွယ် . . .

စိုးထိုက် (Happy Time မဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ

အီတာလျံလူမျိုး နာမည်ကြီး အဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti) ၏ ဖခင်သည် မုန့်ဖုတ်မား တစ်ယောက် ဖြစ်သည်. . .သို့သော် ဂီတဘက်တွင် အလွန်ထက်သန်သည်. . . သူ့သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည်. . . ထို့ကြောင့်ငယ်ရွယ်စဉ်မှာပင် တေးဂီတာ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့သည်. . . ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော် တစ်ဦးဖြစ်ခဲ့သည်. . . .

အောင်မြင်ခဲ့သော သူ့ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည်. . .
"အဖေက ကျွန်တော့ကို အသံအားကောင်းအောင် တအားလေ့ကျင့်ခိုင်းတာပါ၊ အီတလီက ကျွန်တော်တို့ဇာတ်မြို့ မိုဒေနာမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင် ဆရာတစ်ယောက်ရှိတယ် . . . ကျွန်တော့်လိုညာသံပဲ. . . သူက ကျွန်တော့ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်. . အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့ ဆရာ အတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ. . . ကျောင်းဆင်းတော့ အဖေ့ကိုကျွန်တော်မေးတယ် . အဖေကျွန်တော်ကျောင်းဆရာ လုပ်ရမလား. . . အဆိုတော် လုပ်ရမလား" ဆိုတော့ အဖေက ပြောတယ်
"လူစီယာနိုတဲ့. . မင်းကုလားထိုင်နှစ်လု့း ထိုင်ဖို့ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ. . . . မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲရွေးရလိမ့်မယ်. . . ." တဲ့
"အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ်. . . အဲဒီနောက်မှာ ပညာသည် အဆင့်နဲ့ စင်ပေါ်တက်ခွင့်ရဖို့ခုနှစ်နှစ်တိတိ လေ့လာသင်ကြားရတယ်. . . စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေလည်း အများကြီး ကြုံရတယ်.. .
ခုတော့ ကျွန်တော် သဘောပေါက်ပါတယ် . . . အုတ်စီတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ စာရေးတဲ့ အလုပ်ဖြစ်ဖြစ် ၊ ကျွန်တော်တို့ဘ၀ အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ. . . အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ်. . . . ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ် . . . ဒါအောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ . . . အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံး ကို ခင်ဗျားရွေး၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ. . . . "

ဖေမြင့် (Choose One Chair)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

စကားလှလို့ အသားရခဲ့သူ

စကားလှလို့ အသားရခဲ့သူ

ဟိုးရှေ့ရှေ့တုန်းက…
ဗာရာဏသီပြည်မှာ သူဌေးသားသူငယ်ချင်းလေးယောက် လမ်းဆုံလမ်းခွမှာ ထိုင်ပြီး လူငယ်တို့သဘာဝအတိုင် ထွေရာလေးပါး စကားဆိုနေကြတယ်။
အဲဒီအချိန်မှာ…
အမဲသားတွေ တင်ဆောင်လာတဲ့ လှည်းတစ်စီးဟာမောင်းနှင် လာတယ်။ သူဌေးသားတစ်ယောက်က လှည်းနားကပ်သွားပြီး ။
***ဟေ့….မုဆိုး ငါ့ကို အမဲသားပေး***။ လို့အသံခပ်မာမာနဲ့တောင်းတယ်။ ဟင်….မင်းက တောင်းတဲ့သူလည်းဖြစ်သေး။ စကားပြောတော့ မာရည်ကြောရည်နဲ့ မင်းစကားသံက အမြှေးနဲ့တူတယ်။ လို့ မုဆိုးက ပြန်ပြောကာ၊ အသားရဲ့ အပေါ်ယံမှာ ကပ်နေ တဲ့ အမြှေးတွေကို ခွာပေးလိုက်တယ်။
နောက်တစ်ယောက်က…***အစ်ကိုကျွန်ုပ်အားအမဲသားပေးပါ***။ လို့တောင်းလိုက် တယ်။ လောက မှာ အစ်ကိုဆိုတဲ့စကားက ကိုယ်အင်္ဂါကို အစွဲပြုပြီး ခေါ်ဝေါ်နေကြတာ သင့်ရဲ့စကားက ကိုယ်ခန္ဒ္စာနဲ့ တူတယ်။ လို့ မုဆိုးကဆိုပြီး ၊ကိုယ်ခန္ဒ္စာမှ အသားတုံးကို လှီးပေးလိုက်တယ်။

နောက်တစ်ယောက်က…***အဖ ကျွန်ုပ်အား အမဲသားပေးပါ***။လို့တောင်းလိုက်တယ်။အဖ ဆိုတာ ဖခင်ရဲ့ နှလုံးသားကို တုန်လှုပ်စေပါတယ်။ မင်းရဲ့စကားဟာ နှလုံးသားနဲ့တူတယ်။ လို့မုဆိုးကဆိုပြီး၊ နှလုံးသားကို လှီးပေးလိုက်တယ်။
နောက်ဆုံးတစ်ယောက်က….တော့***မိတ်ဆွေကြီး ကျွန်ုပ်ကို အမဲသားပေးပါ***လို့ တောင်းလိုက်ပြန်တယ်။ ရွာထဲမှာနေပြီး မိတ်ဆွေအပေါင်းအသင်းမရှိရင် တောထဲမှာ နေရတာနဲ့ အတူတူပဲ။ သင့်ရဲ့စကားဟာ တစ်ကိုယ်လုံးနဲ့တူတယ်။ ဒီတော့ အမဲသားအာလုံးကို သင့်အိမ်လိုက်ပို့ပေးမယ် ငါ့လှည်းပေါ်တက်။ ဟုဆိုပြီး မုဆိုးက ပြန်ပြောလိုက်တယ်။
သူဌေးသားလူငယ်ဟာ လှည်းပေါ်တက်ပြီး အိမ်ရောက်အောင်မောင်းခိုင်းလိုက်တယ်။ အိမ်ရောက်တဲ့အခါမှာ မုဆိုးကို ကျေးဇူးတင်တဲ့အနေနဲ့ ပစ္စည်း ဥစ္စာများ ပေးကမ်းတယ်။မုဆိုးရဲ့ ဇနီးမိသားစုကိုပါ ခေါ်ယူစေတယ်။မုဆိုးအလုပ်ကို စွန့်လွှတ်ခိုင်းတယ်။ သူနဲ့အတူနေထိုင်စေတယ်။အဆွေခင်ပွန်း အဖြစ် ရာသက်ပန် နေထိုင်သွားခဲ့ကြပါတော့တယ်။ (သဗ္ဗမံသလာဘဇာတ်)
သင်ခန်းစာ
စကားချိုသာတာကို လူတိုင်း နှစ်သက်ကြတယ်။
နောက်ပြီး ချိုသာတော့ လိုရာရတာပေါ့။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16


ပန်းပုံပြင်


ပန်းပုံပြင်

ဟိုးရှေးရှေးတုန်းက "နာဆစ်ဆပ်" ဆိုတဲ့ သူငယ်တစ်ယောက်ဟာ အလွန်ရုပ်ရည်ချောမော လှပပါသတဲ့. . . သူဟာ အမဲလိုက် အလွန်ဝါသနာပါလေတော့ တောထဲမှာ နေ့စဉ်လိုလိုလှည့်လည်ပြီး အမဲလိုက်လေ့ရှိပါသတဲ့ . . . အဲလို တောထဲမှာ အနေများတော့ တောထဲမှာနေတဲ့ နတ်သူငယ်မလေး အက်ခို က "နာဆစ်ဆပ်" ကို ချစ်ကြိုက်မိပါလေ ရောတဲ့ကွယ် . . . နတ်သူငယ်မှဆိုတာကတော့ ဥရောပမှာ နတ်သား၊ နတ်သမီးတွေ အပြင် ကိုယ်လုံး ကိုယ်ထည် တကယ့်သေးသေးလေးမှာ တောင်ပံကလေးများပါတာကို ခေါ်တာပါ. . .
"နာဆစ်ဆပ်" က အမဲလိုက်တာကို ပဲ ၀ါသနာပါတဲ့ အပြင် မာနလည်းကြီးသတဲ့ . . . အဲဒီတော့ အက်ခိုကို ယောင်လို့မှ လှည့်မကြည့်ဘူးပေါ. . . အက်ခို ကလည်း "နာဆစ်ဆပ်" အနားမှာ တရစ်ဝဲ၀ဲ လုပ်နေရင်း လုံးပါးပါးလာတာပေါ့. . . . တစ်ဖြေးဖြေးနဲ့ ပိန်ရုံမက ပါးပါးပြီး အငွေ့ဖြစ်ကာ ပျောက်သွားပါသတဲ့ သူ့မှာ ကျန်တာကတော့ အသံကလေးပဲရှိပါသတဲ့. . . . တောထဲတောင်ထဲမှာ အသံကျယ်ကျယ်နဲ့ အော်လိုက်ရင် သူ့ အသံက ပဲ့တင်ပြိးပြန်လာတတ်တာကို အက်ခိုက ပြန်ပြီး အော်လိုက်တာလို့ ရှေးရှေးကလူတွေက ယုံကြည်ကြပါသတဲ့. . အဲဒါကြောင့် ပဲ့တင်သံကို (Echo) လို့ ခေါ်တာပေါ့. . .
အဲဒီကလေးမ အက်ခို အချစ်နာနဲ့ လုံးရာက ပါးပြီးပျောက်လည်းသွားရော သူ့ကိုပိုင်တဲ့ အချစ်နတ်ဘုရားမ ဗီးနတ်စ်က စိတ်ဆိုးပါလေရောတဲ့. . . အက်ခို က ဗီးနတ်စ်ကို ခစားရသူဆိုတော့ ခုတော့ ခစားဝင်စရာ ကိုယ်မရှိတော့ဘူးလေ. . .
အဲဒီတော့ အချစ်နတ်ဘုရားမ ဗီးနတ်စ် က အကြောင်းအရင်းကို စုံစမ်းတာပေါ့ . . . စုံစမ်းလည်းပြီးရောလက်စ သတ်တော့ "နာဆစ်ဆပ်" မချစ်တတ်လို့ အက်ခို ဒီလိုဖြစ်တာကို သိသွားတာပေါ့လေ. . . အချစ်နတ်ဘုရားမ ဗီးနတ်စ် က ဒီလောက်တောင် မချစ်တတ်တဲ့ သူကို ငါကျိန်စာတိုက်လိုက်မယ်. . . သူဒီကနေ့ မြင်တဲ့သူကို ချစ်သွားစေလို့ ဆိုလိုက်ပါသတဲ့. . .
ဒီအကြောင်းတွေကို "နာဆစ်ဆပ်"က ဘာမှ မသိရှာဘူးလေ . . အမဲလိုက်ရင်း တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးနားလည်းရောက်ရော ရေသောက်ချင်တာနဲ့ စမ်းချောင်းလေးဘေးမှာ ဒူးထောက်လိုက်ပါတယ်. . . နောက်ပြီးတော့ ရေကို လက်ခုပ်လေးနဲ့ ခပ်သောက်ဖို့ ခေါင်းကို ငုံ့ချလိုက်ပါသတဲ့ စမ်းရေ ကကြည်လွန်းတော့ သူ့မျက်နှာကို သူမြင်လိုက်ရတာပေါ့ .
အချစ်နတ်ဘုရားမ ဗီးနတ်စ်ရဲ့ ကျိန်စာကလည်း အဲဒီခဏမှာ ဒိုင်းခနဲထိတော့တာပေါ့. . . . "နာဆစ်ဆပ်" ဟာ သူ့ရုပ်သွင်ကိုသူကြည့်ပြီး ချစ်သွားလိုက်တာ. . . တကတည်း ရေတောင်သောက်မိရဲ့လားမသိတော့ပါဘူး စမ်းရေထဲက သူ့ပုံကိုသာ ငုံ့ပြီးကြည့်တော့တာပါပဲတဲ့ . . . . .
တစ်နေ့လည်းမဟုတ် ၊ နှစ်နေ့လည်းမဟုတ်၊ စမ်းချောင်းဘေးမျာ ငုတ်တုတ်ထိုင်ပြီး သူ့ အရုပ်ကိုသာ သူငုံ့ကြည့်နေတဲ့ အခါ "နာဆစ်ဆပ်" ကိုယ် က အမြစ်တွေထွက်ပြီး သူ့ကိုယ်ကလည်း အပင်ဖြစ်သွားပါလေရော တဲ့ . . . .သူ့မျက်နှာကတော့ ပန်းပွင့်ပေါ့ . . . သူဟာ စမ်းရေထဲကသူ့မျက်နှကို ငုံ့ကြည့်ရင်း ပန်းပင်ဖြစ်သွားရတာဆိုတော့ သူပန်းကလေးတွေကလည်း စမ်းချောင်းကလေးထဲကို ငိုက်ငိုက်ကလေး ဖြစ်နေတာပေါ့
အတ္တကြီးရုံသာမက မိမိကိုယ်ကို အချစ်လွန်၊ မိမိရဲ့ ခန္တာကိုယ်အလှအပကို အသားပေးပြီး ပြင်ဆင်တာလွန်တယ်ဆိုရင် အမျိုးသမီးရော၊ အမျိုးသားရော သဘာဝကျသည်ဟု မဆိုသာပေ. . . . ဒါပေမယ့် အမျိုးသားကတော့ သိသာလွန်းတာပေါ့. . . .
အဲဒီပုံပြင်ကစပြီး မိမိကိုယ်ကို အချစ်လွန်ပြီး တသသလုပ်နေတတ်တဲ့ အမျိုးသားများကို "နာဆစ်ဆပ်" လို့ တင်စားကြတယ်. . .


ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဦးချိုကြောင့် ဒုက္ခတွေ့


ဦးချိုကြောင့် ဒုက္ခတွေ့

သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . . ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ သတိပြုမိတယ်.

ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .

အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို လိုက်တာပေါ့. . . . . သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. .

ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . . ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . .

သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .

" အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . . ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . " လို့နောင်တတွေရသွားခဲ့ပါတယ်.. .

(မိတ်ဆွေတွေထဲမှာ ဘယ်သူဟာ မှန်ကန်သစ္စာရှိမယ်. . . ဘယ်သူဟာ စိတ်မချသင့်ဘူးဆိုတာ လက်တွေ့ကျတော့ သိရတာပဲ. . . အလှအပထက် အသုံးကျမှုကို တန်ဖိုးထားတတ်ရမယ်. .)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အမေများနေ့ ဂုဏ်ပြုကဗျာ

မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ် ပြာသိုလပြည့်နေ့တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုလျက်..

မေမေသို့

နွေအလွန် ၀သန်ရဲ့အစ
မိုးဦးကျ ဒီလလေးမှာ
ကမ္ဘာမြေအတွက် ပန်းကလေး တစ်ပွင့်ကို
မေတ္တာရှင်မွေးမေမေ က
ယုယစွာ မျိုးစေ့ချခဲ့တယ်။

ရှင်သန်ရာ ဘ၀လမ်းတစ်လျှောက်
ပေါင်းမြက်သင် စိုက်ကာပျိုးလို့
မေတ္တာရည် မိုးရေအောက်မှာ
ပျိုးပင်လေး ကြီးထွားလာခဲ့ပြီနော်။

ပညာသင်ချိန် ပညာပေးလို့
ဘ၀အရေးကိုလည်း သွန်သင်
လွန်နေရင် ဘယ်အရာမှ မကောင်းတာမို့
ဗိုင်းကောင်းဖို့ ကျောက်ဖိခဲ့တယ်။

ဘ၀ရဲ့ဒဏ် ဘ၀ရဲ့မာန်
ကြံ့ကြံ့ခံ သူ့နှလုံးသားနှင့်
အရှူံးတရားကို စစ်ခင်း
မြစ်တစ်စင်းလို ရဲရင့်ခဲ့တော့
အမေဆိုတာ.....
သမီးတို့အတွက် သူရဲကောင်းပေါ.။

ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ
ကုန်ဆုံးသွားခဲ့ရတဲ့ ပျိုမျစ်ခြင်းတွေနှင့်
ပေးဆပ်ရင်းသာ ရှိနေဦးမှာမို့
စုန်ရေလို့ တင်စားခဲ့ကြသလားမေမေ။


ဤကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံပါစေရန် ကဗျာ ဖြင့် ဆုတောင်းလိုက်ပါသည်။
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ရှိခိုးတတ်ကြရဲ့လား

ရှိခိုးတတ်ကြရဲ့လား


ရှိခိုးခြင်းသည် ဗုဒ္ဒ္စ၀ါဒ ၌ ပထမဆုံးလိုက်နာ ရမည့် ပွဲဦးထွက် မင်္ဂလာ ယဉ်ကျေးမှုကြီးဖြစ်ပါသည်။
ရှိခိုးတတ်ကြရဲ့လားဟု ဆိုလျှင် အံ့အားသင့်စရာ ဖြစ်နိုင်၏။ သို့သော်လူအများသည် အနုပညာရှိခိုး၊ Justify Fullအလှခိုးမှုတွေကသာ များ ၍ ဌာန်ကရိုဏ်းကျကျ ရှိခိုးတတ်သူ ရှိခိုးနိုင်သူကား ရှားပေလိမ်မည်။

ရှိခိုးခြင်း ဟုသည် လက်နှစ်ဖက်ကို ကိုးရိုကားရား မရှိ၊ ညီညီညွတ်ညွတ် သွဲသွဲပျောင်းပျောင်းပြု၍ ဦးထိပ်အပြင်၌ တင်ထားခြင်းပင်ဖြစ်သည်။ ကြာဖူးကြာငုံများ ထင်ထားသကဲ့သို့ ရှိစေရမည်။
မတ်တပ်ရပ်၍ ရှိခိုးခြင်းကို ရဟန်းသံဃာများနှင့် အကျဉ်းအကျပ် လမ်း၌ တွေ့သောအခါမျိုးတွင်သာ ပြုလုပ်သင့်သည်။ ထိုအခါ၌လည်း ကိုယ်ကို အနည်းငယ်ကိုင်းညွတ်လျက် လက်အုပ်ကို ငယ်ထိပ်အထိ တင်ချီ၍ ရှိခိုး ရမည်။ ထိုင်၍ရှိခိုးသာ လျှင် ရှိခိုးရမည်။ စိတ်ထဲက ကျေးဇူးတော် ဂုတ်တော်ကို နှလုံးသွင်းနေရမည်။

တည်ခြင်း (ထိခြင်း) ငါးပါး

ထိုင်၍ ရှိခိုးသောအခါ ပုဆိန်ပေါက် ရှိခိုးခြင်း မဖြစ်စေရ။ ရိုသေစွာ ထိုင်၍ မြေကြီး၊ သို့မဟုတ် ကြမ်းပြင် ၍တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ထိစေရမည်။

ထိခြင်းငါးပါး မှာ မြေကြီး၊ ကြမ်းပြင်ပေါ်၌.....
(၁) ခြေ၊ (၂) လက်၊ (၃) နဖူး (၄) တတောင်၊ (၅) ဒူး ၊ ငါးမျိုးစလုံးထိစေရမည်။
ယင်းသို့ ထိခြင်းငါးပါးဖြင့် ရှိခိုးသည်ကို ပဉ္စပတိဌိတ ၀န္ဒနာ- ထိခြင်း ငါးပါးဖြင့် ရှိခိုးခြင်း ဟု ဆိုရသည်။

ရဟန်းသံဃာတော်များ အပါးမှ ထပြန်မည်ရှိသောအခါတွင်လည်း လက်အုပ်ချီလျက် ကိုယ်ကို ယိုယိုထား နောက်ဆုတ်ပြန် ၍ ငါးပေးခန့်လောက်မှ မိမိလိုရာသို့ လှည့်၍ သွားရမည်။ နေရာမှ ထလျှင်ချက်ခြင်း ကျေားပေးပြီး မပြန်ရပါ။

အမျိုးသမီးများက ရဟန်းတော်များကို ရှိခိုးသောအခါ ခြေဖမိုး ကိုထိကိုင်၍ ရှိ မခိုးကောင်း၊ ဆံပင်များကို လည်း ဖြန့်ခင်း၍ ရှိမခိုးကောင်းချေ။

ထိုသို့တင်ပြရခြင်းမှာ စာရေးသူ လွန်ခဲ့သော ၄လ ခန့်က ခါးနာခြင်းဝေဒနာကို ခံစားနေရချိန်... မိတ်ဆွေတစ်ဦး နှင့် ဆရာ တစ်ဦးထံ လိုက်ပါ စကားပြော ပြီးသည်နောက်...အပြန်တွင် ထိုဆရာအား ရှိခိုးကန်တော့ခြင်း ကို ပြုပါတယ်။ စာရေးသူအနေဖြင့် ထိခြင်းငါးပါး၊ ဖြင့်ငယ်စဉ်ကတည်းက ရှိခိုးရန် စားရေး သူ အဖိုးမှ အမြဲသွန်သင် ဆုံးမ တဲ့ အတွက်...သိရှိပါတယ်...သို့သော် ခါးနာဝေဒနာကြောင့် ထိခြင်းငါးပါး မပြည့်စုံခဲ့ပါဘူး။ အဲဒီမှာပဲ ဆရာ ဖြစ်သူက ဆုပေးရင်းဆုံးမ စကားပြောကြား၍ ထိခြင်းငါးပါး နှင့် မိရိုးဖလာ ဗုဒ္ဒ္စဘာသာအကြောင်း ဟောပြောဆုံးမခြင်းကို ခံခဲ့ရပါတယ်။ စာရေးသူ အနေနဲ့ အပြန်တွင်ဆရာပြောကြားခဲ့သော စကား တစ်ခုအား အခု အချိန်ထိ မမေ့နိုင်သေးပါ။ မိဘ များ ဗုဒ္ဒ္စဘာသာ ကို ကိုးကွယ်၍ ဆက်လက်ကိုးကိုယ်ရခြင်းလား၊ ဗုဒ္ဒဘာသာ ၏ အခြေခံ ကျင့်ဝတ်များကို သေချာစွာ သိသင့်သည်လေ့လာသင့်သည်။ကျင့်သုံးလိုက်နာသင့်သည် ဆိုသော စကားပင်ဖြစ်ပါသည်။ စာရေးသူ အသိတရားများ ထပ်မံရရှိခဲ့ပါတယ်။ စာရေးသူလိုဘဲ အားလုံး အခြေခံ ကျင့်ဝတ်လေးများကို သိရှိ စေရန်၊ အမှုမဲ့ အမှတ်မဲ့ အဖြစ်စေရန် ရည်ရွယ်ပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ16

အိပ်ဆေး။

အိပ်ဆေး။

လောကတွင် မကောင်းမှုတစ်ခု ပြုလုပ်ပြီးတိုင်း နောင်တ တစ်ဖန် ပူဆွေးရတတ်သည်။ စိတ်ဆင်းရဲရတတ်သည်။ ထိုနောက် ပူပန်ရခြင်း၊ စိတ်ဆင်းရဲရခြင်းတို့ကြောင်း တစ်ညတာ အိပ်ပျော်ဖို့အရေး ဝေးခဲ့ရတတ်သည်။ ထို့အခါ ညတာသည် ရှည်လျားလွန်းသည်ဟု ထင်မိတော့သည်။ထို့ပြင်လောဘ၊ဒေါသတို့၏ အခိုးအငွေ့များကြောင့်လည်း စိတ်ဆင်းရဲရတတ်သည်။ ထိုအချိန်ကာလများတွင် အိပ်ပျော်ဖို့ ခက်ခဲသည်။ ထို့ကြောင့်လည်း ချမ်းသာစွာ အိပ်စက်နိုင်ဖို့ အရေးသည် လူတစ်ဦးအဖို့ အလွန်အရေးကြီးသည်။ ပန်းမွေ့ရာ ရွှေကော်ဇောပေါ်တွင် အိပ်မပျော်နိုင်ဘဲ စိတ်ဆင်းရဲသူများရှိသကဲ့သို့ ပလက်ဖောင်းပေါ်တွင် အုပ်ခဲခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက် စိတ်ချမ်းသာစွာ အိပ်ပျော်သူများလည်းရှိသည်။

ကျမဖတ်ခဲ့ဘူးသော စာအုပ်လေးရဲ့အဆိုအရ တစ်နေ့လုံးကောင်းသောအမှုဖြင့် ကုန်ဆုံးပြီးသည့် အခါ ညဥ့်အချိန် အိပ်စက်ရခြင်းသည် ချမ်းသာလေစွ။ တစ်သက်တာ ပတ်လုံး ကောင်းသောအမှုဖြင့် အချိန်ကုန်လွန်ပြီးသောအခါ သေရာ ညောင်စောင်းလဲလျောင်းရခြင်းသည်လည်း ချမ်းသာလှလေစွ…။ ဟူ ၍ဆိုပါသည်။ထို့ကြောင့်အိပ်သည့်အခါမှာ စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ပျော်နိုင်ဖို့လိုသလို သေသည့်အခါတွင်လည်း စိတ်ချမ်းချမ်းသာသာဖြင့် သေနိုင်ဖို့လိုအပ်သည်။ ပြုံးသေ မဲ့သေ ၂မျိုးအနက် ပြုံးသေဖို့ ကြိုးသားရမည်။ပြုံးသေဖြင့်သေဖို့ ဆိုလျင် ကောင်းသောအမှုကို မေတ္တာ နှင့်ယှဉ်၍ ပြုလုပ်ရပါမည်။

ကောင်းသောအမှု ပြုသူသည် မေတ္တာအကျိုးကို ခံစားရသူဖြစ်သည်။ မေတ္တာအကျိုး (၁၁)ပါးမှာ-

ချမ်းသာအိပ်နိုး၊ အိမ်မက်ဆိုးခြင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ခဲ့ပြီး၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာရွာ၊လားရာမေတ္တာ အကျိုး ဟူ ၍ဖြစ်သည်။

ထို့ကြောင့် မေတ္တာနှင့် ယှဉ် ၍ ကောင်းသော အလုပ်များကို ပြုလုပ်ပြီး ၊ လိုချင်မက်မောသော လောဘ၊ တဏှာ၊ ပူလောင်ပြင်းပြသည့် ဒေါသ များ ရင်ဝယ်ပယ် သတ်၍ ချမ်းသာစွာ အိပ်စက်ခြင်းကို ပြုလုပ်နိုင် ကြပါစေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

မိတ်ဆွေကောင်းမိတ်ဆွေမြတ် အင်္ဂါ ၇ - ပါး

မိတ်ဆွေကောင်းမိတ်ဆွေမြတ် အင်္ဂါ ၇ - ပါး

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏ အင်္ဂါ (၇) ပါးကို ဟောတော် မူသည်။
"ရဟန်းတို့ ဤလောက၌ မိတ်ဆွေကောင်း၊ မိတ်ဆွေမြတ်၏ အင်္ဂါခုနှစ်ပါး ရှိသည်။ ယင်းတို့မှာ.....
၁။ သူတစ်ပါး တို့ပေးနိုင်ရန်ခက်ခဲသော အရာဝတ္တုကို ပေးတတ်၏။
၂၊ သူတစ်ပါး တို့ ပြုနိုင်ရန် ခက်ခဲသော အမှုကို ပြုတတ်၏။
၃။ သည်းခံရန် ခက်ခဲသော အရာ၌ သည်းခံတတ်၏။
၎။ မိမိ၏ လှို့ဝှက်သော အမှုကိစ္စကို အဆွေခင်ပွန်းအား ပြောကြားကာ အကြံတောင်း၏။
၅။ အဆွေခင်ပွန်း၏ လှို့ဝှက်သော အမှုကိစ္စကို လှို့ဝှက်ထား၏။
၆။ ဘေးရန်အန္တရာယ် ကြုံကြိုက်လာလျှင် အဆွေခင်ပွန်းကို မစွန့်ပစ်တတ်။
၇။ အဆွေခင်ပွန်းတွင် ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးသော်လည်း မလေးမစား မပြု၊ တတ်အား သမျှ ကူညီတတ်၏။
ဤကဲ့သို့ အင်္ဂါ ခုနှစ်ပါးနှင့် ပြည့်စုံသော မိတ်ဆွေကောင်းကို ပေါင်းသင်း ဆည်းကပ်ထိုက်၏ " ဟု ဟောတော်မူသည်။

ကျမ်းကိုး ။ အင်္ဂုတ္တရ၊ သတ္တကနိပတ်၊ ဒေ၀တာဝဂ်၊ ပထမမိတ္တသုတ်။

ဦးငွေအောင်မွန်( ဓမ္မစရိယ၊ ပါဠိပါရဂူ ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)
မြတ်မင်္ဂလာစာစောင် (၂၀၀၈ -စက်တင်ဘာလ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပြင်ရမည့်စကားပုံနှစ်ခု

ပြင်ရမည့်စကားပုံနှစ်ခု

မြန်မာလူမျိုးများကြားတွင် အမှားကြာ အမှန်ဖြစ်နေသော စကားပုံနှစ်ခုရှိ၏ ။ ပထမ တစ်ခုကား " သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ " အပေါ်ရံကြည့်လျှင် လူမိုက်အားပေး ဖြစ်နေသည် ကိုတွေ့ရ၏ ။ ထိုစကားပုံ၏ အဓိပ္ပါယ်ကို အကုန်ဖော်ကြည့်လျှင် သင်ကောင်းလျှင် ကျွန်ုပ်ကောင်းမည်. . . သင်မိုက်မဲ ဆိုးယုတ်နေလျှင် ကျွန်ုပ်လည်း မိုက်မဲ ဆိုးယုတ်မည်ဟူသော. . . အဓိပ္ပါယ်ကို ဆောင်နေသည် . . ပါးရိုက်လျှင် နားကိုက်မည်ဟူသော စကားပုံနှင့် အတူတူ ပင်.... သင်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွနုပ်ကား ဆိုးလိမ့်မည်မဟုတ်ဟု ခံယူထားမှ ကိုယ်ကျင့်သီလ နှင့် သဘောထားကြီးမှုကို အလေးပေးရာ ရောက်လေလိမ့်မည်. . . ထိုစကားပုံ အစား .

"ဥစ္စာဓနဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲပါ။"

"ငွေကြေးမွဲသော်လည်း ရိုးသားမှုချမ်းသာသည်။ "

"သင်ကောင်းဖို့သည် ဒုတိယ။"

"ကျွန်ုပ်ကောင်းဖို့သည် ပထမ။"

ခွင့်လွှတ်ခြင်းသည် ကလဲ့စားချေခြင်းထက် နှစ်ဆထိရောက်သည်။

ဟူသော စကားပုံများကို အစားထိုး သုံးစွဲသင့်သည်။

ပြုပြင်သင့်သည့် ဒုတိယစကားပုံကား "အူမတောင့်မှ သီလစောင့်နိုင်မည်" ဟူ၍ဖြစ်သည်။ ဤစကားပုံအရ ဆိုလျှင် စီးပွားရေါ် အဆင်ပြေမှသာလျှင် သူတစ်ပါးဥစ္စာကို ခိုးခြင်းမှာ ရှောင်ကြဉ်နိုင်မည်. . စီးပွားရေး အဆင်မပြေလျှင်ကား ရသမျှ ခိုးတော့မည်... သီလမစောင့်ဟူ၍ ဖြစ်သည်.။
ခိုးမှုကို အားပေးသည့်သဘောဖြစ်နေ၏။ ပြောင်းလွဲသုံးစွဲသင့်သည်မှာ သီလစောင့်မှ အူမတောင့်မည်ဟူ၍ ဖြစ်သည်။ သီလစောင့်သည့် အတွက် အူမတောင့်ရသော မြို့တစ်မြို့နှင့် တိုင်းပြည်တစ်ပြည်ကို တင်ပြချင်ပါသည်။
မြို့ကား အမရပူရမြို့ပင်ဖြစ်၏. ဘိုးတော်ဘုရားမင်းလက်ထက်က ဘုရင်ရော မြို့သူမြို့သားများအားလုံး က ဂရုဓမ်တရားလေးပါးကို စွဲမြဲကြသည့် အတွက် မိုးလေ၀သကောင်းမွန်ကာ ဆန်ရေစပါးပေါများသော မြို့အဖြစ် သူ့ခေတ်က လွန်စွာ ထင်ရှားကျော်ကြားခဲ့ပေသည်။ ငါးရားငါးဆယ်ဇာတ်နှင့် စရိယာပိဋကတ်၌ လာသော ဂရုဓမ္မဇာတ်၌လည်း ကုရုတိုင်း က္ကုန္ဒပတ္တနရဂိုရ်ပြည်ရှိ ဓနဉ္စယကောရမင်းကြီး နှင့်တစ်ကွ တိုင်းသူပြည်သားများသည်လည်း ဂရုဓမ်တရားလေးပါးကို စောင့်ထိန်းလိုက်နာကြသည့် အတွက် တစ်ပြည်လုံး မိုးလေ၀သမှန်ကန်ကာ ဆန်ရေစပါးပေါများခဲ့သည်။
တစ်ခါတွင် ကာလိင်္ဂတိုင်း ဒန္တပူရပြည်ကြီးတစ်ခုလုံး မိုးခေါင်ရေရှား ကာ အငတ်ဘေးကြီးဆိုက်သည်။ တိုင်းသူပြည်သားများ မင်း၏ ဟစ်တိုင်သို့လာပြီး အငတ်ဘေးကြီး ငြိမ်းအေးပပျောက်အောင်လုပ်ပေးရန် တောင်းဆိုကြသည်. အများအကြံပေးချက်အရ မင်းကြီး ဥပုပ်သီလစောင့်ကာ ကျက်သရေရှိသော တိုက်ခန်းသို့ ၀င်ပြီး မြေစာမြက်ကို ခင်းအိပ်လေသည်။ သို့သော မိုးကားရွာ၍မလာ..တစ်ဖန် လောကီအယူအဆကို အားသန်ကြသော ဗေဒင်ဆရာတို့က မင်္ဂလာဆင်ရှိလျှင် မိုးရွာသည်ပြော၍ မင်္ဂလာဆင်ကို သွားရောက် အလှူခံကြပြန်သည်. သို့သော် မိုးကားရွာမလာ..... နောက်ဆုံး၌ ပညာရှိသူတော် ကောင်းများ၏ အကြံပေးချက် အရ အရိုးဆုံး နည်းလမ်းတစ်ခုဖြစ်သည့် ဂရုဓမ်တရားလေးပါးကို ကူးယူကျင့်သုံးသော အခါ မိုးလေ၀သပြန်ကောင်းကာ သာယာဝပြောခဲ့ပေသည်...

ဂရုဓမ်တရားလေးပါး
၁။တိုင်းသူပြည်သားတို့သည် ၀ါတွင်းဝါပ တစ်လလေးသီတင်းဥပုပ်စောင့်ရခြင်း။
၂။ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲမြံရခြင်း။
၃။ရတနာသုံးပါးကို နေ့ညအမြဲမပြတ် ၀တ်ကပ်ဝတ်တက်ပြု၍ မေတ္တတရား အထူးပွားများရခြင်း။
၎။မိဘဘိုးဘွားဆရာသမားများကိုလည်းကောင်း ၊ အကျင့်သီလနှင့်ပြည့်စုံသော သူမြတ်တို့ကိုလည်းကောင်း၊ မင်္ဂလာတရားတော်နှင့် အညီ ရိုသေမြတ်နိုးရှိခိုးပူဇော်ခြင်း။

ထို့ကြောင့် မြန်မာပြည်တစ်ကောင်းမင်း လက်ထက်တွင် ယင်းဂရုဓမ်လေးပါးကို အမိန့်ပြန်တမ်းထုတ်၍ တစ်ပြည်လုံးကို လိုက်နာကျင့်သုံးစေခဲ့ကြောင်းသိရှိရပါသည်။
သို့အတွက် ဒါနပြုပါ. . ထိုသို့ပြုရာတွင် သီလကို အပျက်မခံပါနှင့် မိမိပြုခဲ့သော ဒါန၏ကောင်းကျိုးကို သက်ရှည် ကျန်းမာစွာဖြင့် ခံစားလိုလျှင် ငါးပါးသီလကို လုံခြုံအောင်စောင့်ပါဟု တိုက်တွန်းချင်ပါသည်...


မေတ္တာရှင် (ရွှေပြည်သာ) သီလအစွမ်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဘယ်လိုသဘောနဲ့မေးကြ ပြောကြပါလိမ့်

အခုအချိန်မှာ သတိပဌာန်တရား အားထုတ်တဲ့ အလုပ်ကို နိုင်ငံတကာကလူများ စိတ်ဝင်စားလာကြပါပြီ. . . တစ်ချို့ က မဟာယနနည်းနဲ့သမထအားထုတ်တယ် . . . သတိပဌာန်တရားမျာလည်း သမထပါပါတယ် . . . တကယ်ရည်မှန်းတာကတော့ ၀ိပသာနာ သမာဓိရရှိရေး ၊ နောက်လောကုတ္တရာပညာ ရရှိရေးဖြစ်ပါတယ်. . .
တရားအားထုတ်တာနဲ့ပတ်သက်ပြီး လုပ်နေတဲ့သူများအပေါ်မှာ အမြင်မကြည်လင်တဲ့ သူတွေရှိတတ်ကြတာ ကိုယ်တွေ့ကြုံလာလို့ ဆွေးနွေးချင်တာကြောင့် သည်ဆောင်းပါးကို ရေးရတာဖြစ်ပါတယ်. . . အထူးသဖြင့် ကျွန်မတို့လို အငြိမ်းစားများကို ဘာမှလုပ်စရာမရှိလို့ ရိပ်သာသွားတယ်လို့ ပြောတတ်ကြတဲ့သူများလည်း ရှိပါတယ်. . . ပင်စင်နာများ စိတ်ဓာတ်ကျလို့ ၊ စိတ်ငယ်လို့ နောက်ဘ၀အတွက် ပြင်ဆင်တဲ့ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ကွန်းခိုတဲ့သဘောနဲ့ဖြစ်စေ. . . ရိပ်သာသွားနေတာလို့ မသွားသေးတဲ့သူများက ပြောချင် တတ်ကြပါတယ်. . .
လူအမျိုးမျိုး နတ်အထွေထွေဆိုတော့ အဲသည်လို လူတွေမရှိဘူးလို့ မဆိုနိုင်ပါဘူး ရှိမှာပါပဲ. . သို့သော်လည်း . အဲသည်လို စိတ်ဓာတ်ကျကျနဲ့ သွားစရာကလည်း တရားရိပ်သာပဲရှိလို့ တရားရိပ်သာကို ပဲသွားတယ်လို့ ကိုယ့်ကို ထင်ရင်တော့ မမှန်ပါဘူးလို့ ပြောချင်ပါတယ်. . . ပင်စင်နာဆိုတာကို မေ့လောက်အောင်ကို အလုပ်များပါတယ်. . . . ဒီကြားထဲက မသေခင်မှာလုပ်ရမယ့် အလုပ်ကိုလုပ်ချင်လို့ ရိပ်သာကို သွားပါတယ်. . . ရိပ်သာကို ရောက်တဲ့နေ့ကစပြီး သီလစင်အောင်ထိန်းပါတယ်. .... အကြည့်ကိုသိမ်းထားပါတယ် . . .
အဲသည်ကြားထဲက ဆွမ်းကျွေးလာတဲ့ သူတွေထဲက ကိုယ့်ကို သိတဲ့သူများနဲ့ ကြုံရင်. . အနည်းနဲ့အများ အနှောင့်အယှက် ဖြစ်တတ်ပါတယ်. . . တချို့က တရားဝင်နေမှန်း၊ အကြည့်ကိုသိမ်းထားမှန်း သိပါလျှက် တည့်တည့်တိုးကာ တရားဝင်နေသလားလို့ မေးတတ်ပါတယ်. . ယောဂီမှာတော့ အမှတ်ပျက်သွားလို့ အနှောင့်အယှက် ဖြစ်ပါတယ်. . . .
တချို့ကတော့ ရင်း၂နှီး၂မေးပါတယ်. . . အေးအေးဆေးဆေးပဲလားတဲ့. . . . တကယ်တော့ ဘယ်လိုအဓိပ္ပါယ်ကိုမှ ဆောင်လှတယ်မဟုတ်ပါဘူး . . . နောက်မေးခွန်းတစ်ခုကတော့ အိမ်မှာ ဘယ်သူရှိလည်းတဲ့. . . အငှားပူ၊ အလကားပူပေးတတ်ကြရှာတယ် . . . . သူ့အိမ်သူပစ်ထားနိုင်လို့ ပစ်ထားတာ ဘယ်သူပဲစောင့်စောင့်ပေါ့နော်. . .
ယောဂီအိမ်ပြန်ရောက်ပါပြီ. . . . တယ်လီဖုန်းတွေလာ၊ ဧည့်သည်တွေလာနဲ့ တော်၂ကို အလုပ်များပါတယ်. . . . . အဲသည်လိုဆက်တဲ့ အခါမှာ တရားတော်တော် ပေါက်ခဲ့လား . . . နည်းနည်းလောက်မျှပါဦးလို့ ပြောတာဖြင့်လွန်ပါတယ်. . တရားပေါက်တယ် မပေါက်တယ်ကို ဘယ်လိုတိုင်းတာမှာပါလည်း . . . ကျွန်တော်တို့ဖြင့် ကျွန်မတို့ဖြင့် တရားပေါက်ပါ့လို့ ဘယ်သူကမှ ပြောမှာမဟုတ်ပါဘူး . . . မြတ်စွာဘုရားလက် ထက်တော်ကတည်းက တကယ့် အရဟတ္တဖိုလ်ပေါက် ရောက်နေတဲ့သူများတောင်မှာ လုံလောက်တဲ့ အကြောင်းမရှိဘဲနဲ့ ပြောလေ့မရှိပါဘူး . . . .
အဲသည်လိုမျိုး အခြေခံသာသနာရေး နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို သိထားရင် တရားပေါက်နေပြီလား လို့ မေးကြမယ် မဟုတ်ပါဘူး . . . တရား အားထုတ်တဲ့သူကို မလေးစားသော်လည်း တရားကို လေးစားကြရပါမယ်. . . . ဘယ်သူ့ဘယ်သူ့ကိုမှာ သီလသမာဓိ ပညာနဲ့ပတ်သက်လို့ ဘယ်လောက်အဆင့်ကို ရောက်နေပြီလို့ပြေလာလို့မရနိုင်ပါဘူး. . . တကယ်တော့ တရားပေါက်ခဲ့သလား ၊ တရားကိုနည်း၂မျှပါအုံး ပြောတဲ့ သူဟာ တရားကိုရော တရားအားထုတ်သူကို မလေးစားသလို ဖြစ်နေပါတယ်. . . .
အဲသည်လိုမရည်ရွယ်ပါဘူး ဆိုရင်လည်း နောက်နောင်ကို မလိုရင် မပြောပါနဲ့လို့ စေတနာကောင်းနဲ့ သတိပေးလိုက်ပါတယ် . . . သတိပေးတယ် ဆိုတာ လောကမှာ အကောင်းဆုံး လက်ဆောင်ကို ပေးတာဖြစ်ပါတယ်. . .

ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကောင်းသောနံက်ခင်း

ကောင်းသောနံက်ခင်း

မနက်ခင်းကိုနိုးထလာတဲ့အခါမှာ
ကောင်းသောနံက်ခင်းဖြစ်ဖို့အတွက်
လိုက်နာရမယ့် (သုပုပ္ဗဏ) (၃) ချက်


ကောင်းသော နံနက်ခင်းဖြစ်ဖို့အတွက် မနက်ခင်းမှာ လုပ်ဆောင်ရမှာတွေကတော့-

(၁) သုစရိုက်တရားတွေပြုကျင့်ပါ ။ (သို့) ကိုယ်အမူအရာတွေကို စင်ကြယ်အောင်လုပ်ရပါမယ်

ကုသိုလ်တရားဖြစ်တဲ့ မြတ်စွာဘုရားအား မနက်အိပ်ရာ နိုးထချိန်မှာ ဆွမ်း၊ ရေချမ်း၊ ဆီမီးများကို ဆက်ကပ်လှူဒါန်းခြင်း ၊ မိဘနှစ်ပါးရဲ့ဝေယျာဝစ္စများ ပြုလုပ်ပေးခြင်း စသည့် ကောင်းမှုများကို ပြုလုပ်ခြင်းနှင့် စတင်ရပါမယ်. . .

(၂) နှုတ်အမူအရာတွေစင်ကြယ်ရပါမယ်

မနက်နိုးထလာတဲ့အခါမှာ နှုတ်အမူအရာတွေ စင်ကြယ်ဖို့ အတွက် -
မြတ်စွာဘုရား၏ ဂုဏ်တော်များ၊ ကမ္မဌာန်းတရားများကို ရွတ်ဖတ်ပွားများ အားထုတ်နေရပါမယ်...

(၃) စိတ်တွေစင်ကြယ်နေရပါမယ်

စွမ်းအားရှိသမျှသတိပဌာန်တရားများ ပွားများအားထုတ်ခြင်း၊ မေတ္တာကမ္မဌာန်းများ ပွားများ အားထုတ်ခြင်း ပြုရပါ့မယ်

ဤသို့ လိုက်နာခြင်းဖြင့် ကာယကံ၊၀စီကံမနောကံ များ စင်ကြယ်ကာ ကောင်းသော ကိုယ်၊နှုတ်၊ စိတ် သုံးပါးဖြင့် နိုးထပြီး ကောင်းသော နံနက်ခင်းဖြစ်လာပါ့မယ်. . .
အဲဒီအနှစ်ချုပ်လေးကို လင်္ကာလေးဖြင့် မှတ်သားမည်ဆိုပါက.

ကောင်းသောနံနက်ခင်းဖြစ်ကြရအောင် ဘယ်လိုစိတ်ထား ဘာများကျင့်ဆောင်

ကိုယ်၊ နှုတ်၊ စိတ်ထား (၃)ပါးဖြူအောင် နေ့စဉ်ပဲ ခိုင်မြဲသတိဆောင်

ကောင်းသောနံနက်ခင်းများဖြင့် နေ့စဉ်နိုးထနိုင်ပါစေ..

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

Saturday, September 26, 2009

ဘီပိုးအကြောင်းသိကောင်းစရာ

ဘီပိုးအကြောင်းသိကောင်းစရာ
(ဘီ)ပိုးဆိုတာ Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကိုခေါ်ကြတာပါ။ သူ့ကြောင့်ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသဲကူးစက်ရောဂါ အပြင်းစားဖြစ်တယ်။ သမိုင်းကြောင်းပါပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါအသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တနည်းနည်းနဲ့ ရောက်လာပြီး ကိုယ်ထဲက အရည်တွေထဲထိ ၀င်လာတာ ဖြစ်တယ်။ တကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ “နူရာ ၀ဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးပါသလဲမေးရင် AIDS နဲ့အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် Latex or plastic လက်အိတ် မသုံးတာ)၊ ပိုးသန့်မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒွန် မသုံးတာ)၊ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဆီ ကူးတာတွေဖြစ်တယ်။ သတိထားစေချင်တာက သွေးသာမဟုတ်ပဲ၊ ကိုယ်မှာရှိတဲ့ အရည်တွေထဲမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာဖြစ်ပါတယ်။

အသေးစိတ်ပြောရရင် နားကပ် လဲဝတ်တာ၊ နုတ်ခမ်းမွှေးရိတ်တဲ့ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တခါသုံးဒါး မသုံးရင်လဲ ကူးနိုင်တယ်။ ဆွဲဆောင်မှုရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ အန္တရာယ်ကို မြင်စေချင်ပါတယ်။

ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလမ်းလျောက်လဲ မကူးပါ၊ နှာခြေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ တအိမ်ထဲအတူနေယုံနဲ့လဲ မကူးပါခင်ဗျား။

ဒီပိုးဝင်လာရင် တခြားပိုးတွေဝင်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီးတိုက်ထုတ်ပါတယ်။ ကိုယ်ကနိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ (အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (နားလယ်လွယ်အောင် ပြောရရင် အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ)ပိုးဝင်လာတဲ့အခါ ဒီဓါတ်ကနေ ပြန်တိုက်ပြစ်ပါမယ်။

ဝတ္ထုဇာတ်ကြောင်းရေးသလို တက်လိုက် ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ မနိုင်ရင်တော့ နာတာရှည် အသဲရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဘို့တခုကတော့ ၉၀% သော ကျန်းမာတဲ့လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြပါဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉၀% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။ နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါလက္ခဏာသာ မရှိတာ ပိုးက အသဲကို တစစနဲ့ ဖျက်ဆီးနေပါပြီ။

သူ့ကြောင့် အသဲခြောက်ရောဂါ၊ ဒါမှမဟုတ် အသဲကင်ဆာ ဆက်ဖြစ်တတ်လို့ ဆိုးလွန်းပါတယ်။ အသဲက လိုသလောက် မလုပ်နိုင်တော့ချိန် ရောက်ရင်တော့ သေရတော့မှာပါ။

အသဲဆိုတာ အတော်အလုပ်လုပ်တဲ့အင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေပေးတယ်။ ဒီလိုလုပ်နိုင်ဘို့ (ဘိုင်းလ်) အစာခြေအရည်ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တနေ့တာ ရတာနဲ့သုံးတာထဲက ပိုတဲ့ အား(အင်နာဂျီ)ကို သိုလှောင်ပေးထားတယ်။ အဆိပ်အတောက်ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး (ကိုလက်စတီရော)၊ သွေးခဲစေတဲ့ပစ္စည်း၊ ပရိုတင်းတွေကို သူကနေ ထုတ်လုပ်ပေးပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ်မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ ဇာတ်နာပြီပေါ့ဗျာ။

(ဘီ)ပိုး စ၀င်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။ သတိထားရတော့မဲ့ နာတာရှည်အဆင့် ရောက်ရင် စောစောက က္ခဏာတွေ မရှိတော့ပါ။ မပေါ့ပါနဲ့။

သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။
HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။
HBsAg တွေ့ရင် သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။
HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသဲအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။

ဆရာဝန်ဆီရောက်ပြန်တော့ တချို့က ဆေးကုပေးဘို့ မလိုပါ။ ၆ လတခါ ၁ နှစ်တခါ ပြန်ပြပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ ဆရာဝန်က အနားခိုင်းပါမယ်။ အစာကောင်းကောင်း စားခိုင်းမယ်။ ရေများများ သောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက်ဖြတ်ခိုင်းမယ်။ တခြားနေမကောင်းထိုင်မသာဖြစ်ရင် သောက်ရမဲ့ဆေးကို ကြွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဘို့သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေးဖြစ်ဖြစ် မကောင်းကျိုးဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ခြေဖျက်ပေးမဲ့ အသဲက မကောင်းဘူး မဟုတ်ပါလား။

(အေ) ကာကွယ်ဆေး ထိုင်းခိုင်းချင် ခိုင်းပါလိမ့်မယ်။ (အေ)ရော (ဘီ)ပါ ရောထားတဲ့ ကာကွယ်ဆေး (Twinrix) လဲ ရှိနေပါပြီ။ အရက်ကလွဲလို့ အထူးရှောင်ရန် ဆောင်ရန်မရှိပါ။ အာဟာရပြည့်ပြီး မျှတတဲ့အစာ ကောင်းကောင်း စားသင့်ပါတယ်။ အဆီနဲရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့စက်က ပျက်နေတယ် မဟုတ်လား။

(ဘီ)ပိုးဟာ HIV ထက် အဆ ၁၀၀ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပဌမတခါထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၅ လ မှာ တတိယ။

မွေးစကနေ အသက် ၁၈ နှစ်အောက်တွေကို ကာကွယ်ဆေး သေခြာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲကဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေး ထိုးပါလေ။ ပိုးဝင်ပြီးသူများကတော့ ကာကွယ်ဆေး မလိုတော့ပါ။ မထူးလို့ပါ။

(ဘီ)ပိုးရှိသူကို ဆေးပေးတာဟာ အသဲခြောက်တာနဲ့ ကင်ဆာအဆင့် ရောက်မသွားဘို့သာ ရည်ရွယ်နိုင်တာပါ။ WHO အဆိုအရတော့ Interferon နဲ့ Anti-viral Agents ဆေးတွေဖြစ်ပါတယ်။ ဆေးဈေးကတော့ ခေါင်ခိုက်နေဆဲပါ။

ကင်ဆာကတော့ ရောဂါနာမယ်တပ်ပြီး ၆ လ ထက် အသက်မရှည်ပါ။ အသဲခြောက်တာဆိုရင်တော့ နောက်ဆုံး ဆရာန်များ လုပ်ပေးနိုင်တာကတော့ Liver transplantation အသဲအစားထိုးပေးတာပါဘဲ။ သိတဲ့အတိုင်း ဒီအဆင့်ဟာ အင်မတန် ကရိကထများ၊ ငွေကုန်ကြေးကျများ၊ ရာသက်ပန် လူနာကြီးဘ၀ကို ရောက်သွားရတာမျိုးပါ။

အသဲကောင်းကြပါစေ။

အခုတစ်လော....

အခုတစ်လော....

ရိုးသားကြိုးစား ဧရာဝတီသား ရဲ့ တက်ဂ်ပိုစ့်လေး ကို ရေးပေးမယ်နော်။ ရင်တွင်းဖြစ်တွေပေါ့။ အဟိ...
အစ်မငယ် နေကောင်းပါတယ်။ စိတ်လည်း နေကောင်းပါတယ်။ စီးပွားရေး လည်း ပုံမှန်ပါပဲ။(လစာပဲရတာကိုး) :P

အစ်မငယ် may16 အခုတစ်လော....
တွေးနေမိတာက
အင်း...ခန္ဓာရတော့ အိုရအုံးမယ်၊ နာရအုံးမယ်၊ သေရအုံးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မင်းက တရားမှ မရှိပဲကွာ....။

ကျန်းမာရေး
ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး။

ဖတ်ဖြစ်တဲ့စာအုပ်က

ဧရာဝတီစာကြည့်တိုက် Blogs..လေး..



ရောက်နေဖြစ်တာက
ရောက်ဖြစ်နေတာက လူ ဘ၀။ လိုချင်တာ က နိဗ္ဗာန်(ဆုတောင်းနေယုံနဲ့တော့မရ)

ရေးဖြစ်နေတာက
ကိုယ်တိုင်ကူးရေးလေးတွေ ပေါ့။ ( အများတကာ ကိုယ့်လိုပါ...သုတ ရစေချင်)

နားထောင်ဖြစ်နေတာက
တရား Blogs လေးတွေပဲ ဖြစ်နေတယ်...

ရွတ်နေမိတာက
မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများ ကိုယ့်နောက်ပါ။

ဖြစ်ချင်နေတာက
အမြန်ဆုံး အိမ်ပြန်ချင်တယ် (တရားမရှိတာ...လောဘတွေ)

စားဖြစ်နေတတ်တာက
ထမင်း နဲ့ ဟင်း.....

သနားနေမိတာက
ငါ့ဥစ္စာ ငါ ငါ ငါ ကိုယ်ပါ
ပြောတာ ခွေးအော်ပမာမည်။

လွမ်းနေမိတာက
အရင်းမှ အဖျားတိုင်အောင် ချိုသော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

မေ့လျော့ပစ်နေမိတာက
ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်(မိုးကုတ်ဆရာတော်ဘုရားကြီး)

ခါးသက်နေမိတာက
အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

တမ်းတနေမိတာက
ငယ်ဘ၀ ( လွတ်လပ် အေးချမ်း တွေးတောမှုမရှိ)

ကြိတ်ပြီးချီးကျူးနေမိတာက
သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေသူတွေ။

ဆန္ဒမရှိတဲ့နေရာ
၎ပေ၊ ၆ပေ တွင်း။

ဆန္ဒရှိနေတဲ့ကိစ္စ
အရာရာကို အကောင်းအတိုင်း ရှိစေချင်။

မုန်းတီးနေမိတာက
မရှိပါ။

စွဲလန်းနေမိတာက
Happy time! ( ကော်ဖီသောက်တိုင်းလွမ်းတယ်)

လိုအပ်နေတာက
IMM S.Pass & Air Ticket

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူဖြစ်ရတဲ့ ဒုက္ခ....( မင်းက တရားမှ မရှိဘဲကွာ)

တလက်စတည်း အခုတစ်လော....ဘာတွေလုပ်လို့ ...ဘာတွေဖြစ်....သိချင်သေးတယ်။

ရေးပေးပါလို့ အနှုးအညွတ်တောင်းပန်ရင်း.......။

အားလုံးလေးစားလျှက်...

ဝါဆိုလဖွဲ့

ဝါဆိုလဖွဲ့



ကိုးခွင်ငယ် မှို်င်းပါလို့၊ မြင်တိုင်းမှာတဲ့ မည်းညို
လဲ့လဲ့ငယ်စို၊ ယုဂန္ဓိရ်တောင်မဟာက
ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။

ဆင်တာရာငယ်၊ ရာသီကရကဋ်
နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ် နိဗ္ဗူ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသော့ခါ
ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညို
မာလာမင်းက ၊ သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)


ဝါဆိုလ

ဝါဆိုလသည် စတုတ္တမြောက် မြန်မာလဖြစ်၍ နွေတစ်ပိုင်း မိုးတစ်ပိုင်း လရာသီဖြစ်ကာ ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်သည်။

ဝါဆိုလပြည့်နေ့ကား မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း တောထွက်ခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ များကို ပြသတော်မူခြင်း ဟူသော ထူးခြားသည့်နေ့ဖြစ်သည်။ ၀ါဆိုလပြည့်ကျော် ၁ရက်တွင် ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြသည်။ ထို့ကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြသည်။

ရှေးမြန်မာဘုရင်များသည် သာသနာတော်ကို တိုးတက်စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ် များကို ရရှိရေး ဟူသော ရည်ရွယ်ချက်၂ရပ်တို့ကို အကြောင်းပြု၍ ၀ါဆိုလတွင် ပဉ္ဖင်းခံရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပသည်။

ဝါဆိုလပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့ ၌ဖြစ်စေ၊ ၀ါဆိုလတွင် ဖူးပွင့်ကြသည့် ပုန်းညက်ပန်းစသော ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့သွားရောက်လှူဒါန်းရန် ၀ါဆိုပန်းခူးထွက်သည့် ယဉ်ကျေးမှုဓလေ့တစ်ရပ် လည်း ပေါ်ပေါက်ခဲ့သည်။

အချို့က သံဃာတော်များ ၀ါဆိုသည့်အခါ ပူဇော်ဆက်ကပ်နိုင်ရန် ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးများကို ဘုန်းတော်ကြီးကျောင်းများ၌ လှူဒါန်းကြသည်။ ထို့အပြင် သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ၀ါဆိုတော့မည့် သံဃာတော်များအား ၀ါဆိုလဆန်း၌ပင် လှူဒါန်းကြသည့် သင်္ကန်း ဖြစ်သောကြောင့် ၀ါဆိုသင်္ကန်း ဟု ခေါ်ကြသည်။

မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာတစ်ခုအဖြစ် အသက် ၊ သိက္ခာ ဂုဏ်ဝါကြီးသူများအား ၀ါဝင်ခါနီး၌ ပူဇော်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ပူဇော်ကန်တော့ကြသည်မှာ ယနေ့ခေတ်အထိပင်ဖြစ်သည်။

Waso

Waso is the fourth Myanmar month. It is part summer and part moonsoon. It fals in June and July. The full-moon day of Waso is significant as the day the embryo-Buddha was conceived, the day He preached the first sermon of Dhamma Cakka, the day He performed the miracles. The day also marks the beginning of Buddhist Lent of three months when members of the Sangha go into the rains retreat.
It is a time of ordination and novitiation into the religious order, with these events held since the days of ancient Myanmar monarchs for the flourishing of the Sasana.
There is also a practice of young men and women going on outings of gathering flowers to be offererd at Buddha images.
A significant practice of Waso is the offering of monk's robes to members of the Sangha for use during the Lent and so these robes are called Waso robes. Likewise there are also big candles called Waso candles offered at this time of the year.
Among lay people it is also a time to offer elders cakes, fruits and other offertories.


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

သဟဇာတ

သဟဇာတ

လောကကြီးသည်ကား သူဖြစ်ချင်သည့်အတိုင်း ဖြစ်ပျက်နေပါသည်။ မိမိတို့ က ဤသို့ဖြစ်စေချင်၏ ။ သို့ရာတွင် သူက ထိုသို့ဖြစ်လာ၏ မိမိတို့က ဤနည်းဖြင့် ကောင်းမည်ထင်၏ သို့သော်သူက ဟိုနည်းအတိုင်း ပြောင်းလဲသွားတော့သည် ကျွန်ုပ်တို့၏ အလိုသို့မလိုက်သဖြင့် လောကသည် အစိုးမရ၊ အနတ္တ၊ မမြဲ၊ ဆင်းရဲ၊ မစိုးပိုင်။
သူဖြစ်ချင်သလို ဖြစ်ပါစေ၊ ငါလည်း နေချင်သလို နေတော့မည်ဆိုပါကလည်း အတွေးချော်ရာရောက်ပေမည်။ ထိုကဲ့သို့ လက်လွယ်စပယ်မလုပ်သင့်ပေ။ ဘ၀တစ်ခုသည် တန်ဖိုးရှိသည်။ သူဖြစ်ချင်သလို ဖြစ်နေခြင်းနှင့် ငါဖြစ်ချင်သလို ဖြစ်လာစေချင်းတို့တစ်ထပ်တည်းကျအောင် ကြိုးစား၍ ညှိနှိုင်းယူရပါမည်။

၁.Assimilation
-ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ခြင်း။

၂. Accommodation
-မိမိဆန္ဒနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာအောင် အခြေအနေကို တစ်စတစ်စ ပြုပြင် သိမ်းသွင်းယူခြင်း။


လောကကြီးကို သာယာလှပအောင် ဖန်တီးတည်ဆောက်နိုင်သူဟူသမျှသည် အထက်ပါ နည်းလမ်းနှစ်ခုကို အခြေအနေ၊ အချိန်အခါ၊ ပယောဂ၊ ဥပဓိအစရှိသည်တို့နှင့် အဆင်ပြေအောင် ညှိနှိုင်းချင့်ချိန်တတ်သူများပင် ဖြစ်ကြပေတော့သည်။ အကျိုးမရှိသလောက် ခေါင်းမမာသင့် ။ ညှိနှိုင်းပြေလည်မှု မရအောင် အစွန်းမရောက်ပဲ အားလုံး မျှမျှတတ ချင့်ချိန်စဉ်းစားတတ်မှ အကျိုးရရှိပေလိမ့်မည်။

ချစ်နိုင် (စိတ်ပညာ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

သာဓု. . . . .

သာဓု. . . . .

အရင်က တောရွာတစ်ရွာရဲ့အနီးမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိသတဲ့..... ဆရာတော်ကြီးဆွမ်းခံကြွတဲ့အခါမှာ ရွာနဲ့ အတော်လေးလှမ်းသတဲ့. . . ဒါကြောင်း ဆရာတော်ကြီးကို အလွန်ကြည်ညိုသူ ဒကာတစ်ဦး က ဆရာတော်ကြီးကြွလာချိန်မှာ အမောပြေ၊ အဆာပြေ ဘုဉ်းပေးဖို့ ရေနွေးကြမ်းနဲ့ ခဲဖွယ်တစ်ခုခုကို အမြဲစီစဉ်ထားပြီး သူ့အိမ်မှာ တစ်အောင့်တစ်ခဏနားနေ ဘုဉ်းပေးဖို့ အမြဲ ပင့်လျှောက်ပါသတဲ့. . . နေ့စဉ်နေ့တိုင်း ထိုင်အိမ်သဘောမျိုးနဲ့ ဆရာဒကာ ရင်းရင်းနှီးနှီးဖြစ်လာတော့ တရားအကြောင်းလေးတွေကစပြီး အာလာပတလ္လာပလေးတွေ လည်းအထိုက်အလျောက် ပြောဖြစ်တာပေါ့...
မိုးဦးကျချိန် တစ်နေ့မှာတော့ အဲဒီဒကာကြီးရဲ့ တောင်သူလုပ်ငန်းသုံးခိုင်းနွားကြီး တစ်ဖက် ပိုးထိပြီးသေဆုံးသွား ပါသတဲ့ . . . . ထွန်ယက်စိုက်ပျိုးဖို့ အရေးကြီးဆုံးအချိန်မှာကြုံတာဆိုတော့ ဒကာကြီးလည်း ၀မ်းနည်းပက်လက် ဖြစ်ပြီး နောက်နေ့ဆရာတော်ကြီး ဆွမ်းခံကြွလာတဲ့အခါ ထုံးစံအတိုင်း ခဲဖွယ် သောက်ဖွယ်များ ဆပ်ကပ်ပြီးတဲ့အခါမှာ သူ့ရဲ့ သောကပြေရာပြေကြောင်းအဖြစ်ဆရာတော်ကြီးကို လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက ထွေ၂ထူး၂ မပြောပဲ "သာဓုဗျာ၊ သာဓု၊ သာဓု" လို့ သုံးကြိမ်ခေါ်ပြီး ထပြန်ကြွသွားပါလေရောတဲ့. . . . . .
ဒကာကြီးကတော့ ဖြေသိမ့်စရာ တရားလေးများ ကြားရလေမလားလို့ အောက်မေ့ပြီး ဖြစ်ကြောင်းစုံ လျှောက်ထား ကာမှ ဘာတရားမှ မဟောပဲ သာဓုသုံးကြိမ်ခေါ်သွားတာကို အတော်လေး မကျေမနပ်ဖြစ်သွားပါသတဲ့ . . . . "သာဓုဆိုတာ ကောင်းတယ်လို့ပြောတာပဲ ဒီဘုန်းကြီး ငါ့နွားကြီးသေတာကို ကောင်းတယ်ပြောရသလား" ဆိုပြီးတော့ပေါ့လေ. . .
ဒါပေမယ့် ထုံးစံအတိုင်း သူ့ဝတ်မပျက် ဆရာတော်ကြီးကိုတော့ ဆက်ကပ်နေပါသတဲ့. . . . ဒီလိုနဲ့ မကြာလိုက်ခင် မှာပဲ အဲဒီဒကာကြီးရဲ့မြေး သစ်ပင်ပေါ်က လိမ့်ကျပြီး ပေါင်တစ်ဖက် ကျိုးသွားပြန်ပါရော. . .
နောက်နေ့ရောက်တော့ ဆရာတော်ကြီးကို မြေးလေး အကြောင်းဝမ်းနည်းပက်လက် လျှောက်ထားပြန်တဲ့အခါ ဆရာတော်ကြီးက ထုံးစံအတိုင်း သာဓုသုံးကြိမ်ခေါ်ပြီး ထပြန်သွားသတဲ့. . . .
ဒီတစ်ခါတော့ ဒကာကြီးက အတော်လေး မကျေမနပ် ဖြစ်သွားတယ် "ဒီဘုန်းကြီး ငါကတော့ ကြည်ညိုအားကိုးလွန်းလို့ နေ့စဉ်မပြတ် ခဲဖွယ် ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းခဲ့ရတာ ငါ့မှာ သောကနဲ့ ကြုံတော့ နွားသေတာကိုလည်း သာဓု ၊ မြေးပေါင်ကြိုးတာကိုလည်း သာဓုခေါ်နဲ့ . . . . ကဲဒီလောက်တောင် ရှိလှတာ သူ့မှာ ဒီလိုကြုံလာတော့ သာဓုခေါ်နိုင်အုံးမလား . . . "ဆိုပြီး ဆရာတော် ဆွမ်းခံကြွတဲ့ အခါ တောစပ်ကနေ ချောင်းရိုက်မှပဲလို့ ဒေါသအလျောက် စဉ်းစားပြီး နောက်နေ့ဆရာတော်ကြီး ဆွမ်းခံလာချိန်ရောက်တော့ တောစပ်က ချုံကွယ်မှာ ၀ါးရင်းတုတ်တစ်ချောင်းကိုင်ပြီး ပုန်းကွယ်နေသတဲ့. .
ဆရာတော်ကြီး ဆွမ်းခံကြွလာလို့ ဒကာကြီးပုန်းနေတဲ့ချုံနားရောက်တဲ့အခါ ဒကာကြီးက နေရာပြင်လိုက်တော့ ချွတ်ချွတ် အသံကြားလို့လှည့်ကြည့်လိုက်တော့ ကျောက်ခဲတစ်လုံးနဲ့ ခလုတ်တိုက်မိပြီး ဆရာတော်ရဲ့ မြေသပိတ်ကြီးက လွတ်ကျပြီးကွဲသွားသတဲ့. . . အဲဒီအခါကျတော့လည်း ဆရာတော်ကြီးက သပိတ်ကွဲတွေကို ကြည့်ပြီး "သာဓုဗျာ၊ သာဓု "လို့ သုံးကြိမ်ခေါ်ပြန်သတဲ့. . .
အဲဒီတော့ ဒကာကြီးစိတ်ထဲမှာ " ဒီဘုန်းကြီးက သူ့သပိတ်ကြီး ကွဲသွားတော့လည်း သာဓုခေါ်တာပဲ၊ ဒီသာဓုဟာ "တစ်ခုခုထူးလို့ဖြစ်မယ် . ငါပြစ်မှားလို့ မတော်သေးဘူး . . . အကြောင်းစုံသိရအောင်လျှောက်ထားကြည့်ဦးမှ ဆိုပြီး စိတ်ပြောင်းသွားတယ် . . . ပြီးတော့မှာ လက်ထဲက တုတ်ကိုချ ပြီး ဆရာတော်ကြီးနားကို သွားပြီး "ဆရာတော် . . . . ဆရာတော်ဟာ ဘာမဆို သာဓုချည်း ခေါ်နေတာပဲ၊ ဆရာတော့်သာဓုက ဘာအဓိပ္ပါယ် လဲဆိုတာ ရှင်းပြပါဦးလို့ "လျှောက်ထားသတဲ့. . .
ဆရာတော်ကြီးက . . . "ဟဲ့ဒကာရဲ့ သာဓုပါဆိုမှ ကောင်းတယ်လို့ ဆိုတာပေါ့လို့ "မိန့်ကြားလိုက်တယ်. .
ဒကာကြီးက တယ်ပြီးဘ၀င်မကျလှပဲ အရှင်ဘုရား တပည့်တော်ကြီး နွားကြီးတစ်ကောင် တောင်သူလုပ်ငန်း ချိန်မှာ သေသွားတာများ ဘာကောင်းလို့လည်း ဘုရားဆိုတော့ "ဟဲ့ဒကာရဲ့ မင်းရဲ့ အတိတ်အကုသိုလ်ကံ အကျိုးပေးချိန် ရောက်လာလို့ ဒီအချိန်မှာ မင်းအိမ်က ခြေလေးချောင်း ထွက်ကိန်းဆိုက်လာတာကွဲ့ အဲဒါနွားကြီးသေလို့ ကျိန်းကျေသွားတာပေါ့ . . .နွားမသေဘဲ လူသာသေမယ်ဆိုရင် နှစ်ယောက်တောင် ပျက်စီးကိန်းကြုံမှာကွယ့်လို့" ရှင်းပြလိုက်တော့ ဒီလိုဆိုတော့လည်း "နွားသေသွားတာက ကောင်းတောင်း တောင်းပေါ့ ဘုရားလို့ "၀န်ခံသတဲ့. . .
"ဒါဖြင့်မြေးကလေး ခြေထောက်ကျိုးရတာကောဘုရား" ဆိုတော့ "အေး. . . မင်းမြေးခြေထောက်ကျိုးလို့ပေါ့ မင်းမြေးကငယ်သေးတော့ "ငယ်ကျိုးပိုသန်တယ်" လို့ ဆိုသလို မြန်မြန်ပြန်ကောင်းနိုင်သလို မင်းကလည်း သူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်တာပေါ့ မင်းမြေးမကျိုးပဲ မင်းသာကျိုးမယ်ဆိုရင် လူကြီးဆိုတော့ ပျောက်ခဲ့မယ်. . မြေးကလေးကလည်း မင်းကို ဘယ်လိုလုပ်စောင့်ရှောက်နိုင်ပါ့မလည်း ဒါကြောင့် သာဓု ခေါ်ရတာကွယ့်လို့" ဆိုတော့ "ဒီလိုဆိုတော့လည်း အရှင်ဘုရားရဲ့သာဓုက နေရာကျသားပဲ ခေါ်သင့်ပါတယ် ဘုရား. . . "တဲ့..
"ဒါဖြင့် အရှင်ဘုရား သပိတ်ကြီးကျကွဲတာကိုကြည့်ပြီး သာဓုခေါ်တာကျတော့ကော ဘယ်လိုအဓိပ္ပါယ်လဲ ဘုရား. . . . "ဆိုတော့ ဆရာတော်ကြီးက ဒကာကြီးကို ပြုံးပြုံးကြီး ကြည့်ရင်း "အေး . . . ငါ့သပိတ်ကွဲပေလို့ပေါ့ မကွဲရင် ငါ့ခေါင်းကွဲရောပေါ့လို့ဖြေလိုက်ရော. . ." ဒကာကြီး မြေကြီးပေါ်ကို ဒူးတုပ်လိုက်ပြီး "တပည့်တော်မလိမ္မာလို့ တစ်ခါမိုက်မိတာကို ခွင့်လွှတ်တော်မူပါဘုရားလို့ . . . "တောင်းပန်လိုက်တော့သတဲ့. . . .
ဒါကြောင့် ပုထုဇဉ်တို့ရဲ့ အတိတ်ကံစာရင်းကတော့ ကမ္မဘဏ်တိုက်မှာ သာရှိပြီး ဘယ်သူမှ ပြန်ကြည့်နိုင် စွမ်းမရှိကြလေတော့ ပုထုဇဉ်တို့ရဲ့ သံသရာ ခရီးလမ်းမှာ ဘယ်လိုကံကြွေးတွေရှိတယ်ဆိုတာကို မသိနိုင်ပါဘူး . . ပေးဆပ်လိုက်ရတဲ့ အခါမှသာ "ဒီလိုအကြွေးတွေရှိခဲ့သကိုး" လို့  သံဝေဂတွေပွားပြီး သံသရာမှာ ဒီလိုကြွေးမျိုး ကင်းဝေးအောင် ကြိုးစားကြရမယ့်သဘောပါပဲ . . .
ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့ ရှေးဆိုရိုးအတိုင်းပဲ ဖြစ်သမျှအကောင်း၊ အဆိုးဆိုတာ ရှေးကံဟောင်းတို့ရဲ့ အကျိုးဆက်ပဲ လို့ အရာရာကို အလိုက်သင့်နှလုံးသွင်းလိုက်ရင် အားလုံး စိတ်ချမ်းသာပါတယ်. . .

ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေအားလုံး သံသရာဝဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ဒီမျှနဲ့ပဲ ကျေကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်. ..

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
(လယ်တီဆရာတော် ဦးဝိလာသ၏တရားထဲမှ ပုံပြင်ကို ကောက်နှုတ်ဖော်ပြပါသည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ယုံမိတဲ့အမှား

ယုံမိတဲ့အမှား

ဝံပုလွေတစ်ကောင်ဟာ သိုးအုပ်နောက်က လိုက်နေတာပေါ့. . . ဒါပေမယ့် သိုးတွေကို အန္တာရယ် မပြုဘူးတဲ့ . .

ပထမတော့ သိုးထိန်းဟာ သူဟာသိုးတွေကို ရန်ပြုမယ့်ကောင်လားလို့ စိုးရိမ် သတိထားနေရတယ်. . .

ဝံပုလွေက သိုးတွေနောက်က အမြဲလိုက်နေတယ်. . သူတို့ကိုလည်း အန္တာရယ် နည်းနည်းမှ မပြုဘူး ဒါကြောင့် ကြာလာတော့ သိုးထိန်းက ၀ံပုလွေကို ယုံစားသွားတယ်. .

"ဒီဝံပုလွေဟာ သိုးတွေကို ကိုက်မစားဘူး . . . င့ါသိုးတွေကို သူ ကူညီထိန်းကျောင်းပေးနေတာပဲ. . . ."
ဒီလိုနဲ့သိုးထိန်းဟာ မြို့ကို သွားရမယ့် ကိစ္စတစ်ခု ပေါ်လာပါရော . . . . သိုးထိန်းဟာ ၀ံပုလွေကို သိုးတွေနဲ့ စိတ်ချလက်ချ အပ်ခဲ့တာပေါ့ . . .

ဝံပုလွေဟာ သူ့အခွင့်အရေးကို လက်လွတ်မခံပါဘူး . . . သူ့လက်ချက်ကြောင့် သိုးတွေအတော်များများ သေဆုံးကုန်တယ် . . . သူကစားပစ်တာကိုး . . . သိုးထိန်းပြန်ရောက်လာတဲ့အခါမှ သိုးတွေ ဆုံးရှူံးကုန်တာကို တွေ့ပြီး နောင်တရသွားရှာတယ်. . .

"သိုးအုပ်ကို ထိန်းကျောင်းဖို့ ၀ံပုလွေအပေါ် ယုံစားမိခဲ့တာ ငါ ကိုယ်ကျိုးနည်းပါရောလား. . . "တဲ့

(လူတွေလည်း ဒီလိုအဖြစ်မျိုး ကြုံရတတ်တယ်ကွယ့်. . ကိုယ့်ရဲ့ အဖိုးတန် ဥစ္စာတွေကို အလွဲသုံးစားပြုသူထံမှာ ပုံအပ်မိလို့ အလိမ်အညာခံပြီး ဆုံးရှူံးကြရတယ်. . . အကြံသမားဟာ ယုံကြည်အောင်လုပ်စမြဲပဲ)

အီစွတ်ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

တစ်ဖက်သားကို အရမ်းအထင်သေးမထားပါနှင့်

တစ်ဖက်သားကို အရမ်းအထင်သေးမထားပါနှင့်


အဲသည်တုန်းက ငွေတန်ဖိုးရှိလှသည်. . . .
သီးစုံအိုက်စကရင် တစ်ခွက်ပင် ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ. . .
၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဟော်တယ်ကော်ဖီခန်းထဲဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်. . . စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲ စောင့်ဆိုင်းနေသည်. . .

ကောင်လေးက. . "သီးစုံ အိုက်စကရင် တစ်ခွက်ဘယ်လောက်လည်း ခင်ဗျာ. . ."

"ဆင့်ငါးဆယ.်" ပါ ဟု စားပွဲထိုးကဖြေသည်. . .

ကောင်လေးက သူ့အိတ်ထဲမှာ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်. .
ပြီးတော့ "အိုက်စကရင် ရိုးရိုး တစ်ခွက် ဆိုရင်ကောဗျာ . . . . "ဟုမေးသည်. .

ထိုင်စရာမရသေးသည့် ဧည့်သည်တချို့လည်း ရှိနေတော့ စားပွဲထိုး အမျိုးသမီးသိပ်စိတ်မရှည်ချင်. .
"သုံးဆယ့်ငါးဆင့်. . . " ဟု တိုတိုပြတ်ပြတ် ဖြေသည်. . .

ကောင်လေးက သူ့ပိုက်ဆံပြားတွေ ရေတွက်ပြန်သည်. .. ထို့နောက် " အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါခင်ဗျာ. . . . " ဟု ဆိုသည်. . .

အမျိုးသမီးသည် အိုက်စကရင်ယူလာသည်. . ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စားပွဲပေါ်တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်. . .

ကောင်လေး အိုက်စကရင် ကိုစားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်. . ပြီးထွက်ခွာသွားသည်. . .
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီပြန်လာပြီး ခုံကိုသုတ်လိုက်သည့်အခါ မြင်လိုက်ရသော အရာကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်.

ကောင်လေး စားသွားသည့် အိုက်စကရင်ခွက်နံဘေးတွင် ငါးဆင့်စေ့နှစ်စေ့နှင့် တစ်ဆင့်စေ့ငါးစေံ ညီညီညာညာလေး ပုံ ၍ထားသည်. . .

သူမအတွက် တစ်(ပ)(စ်) ပေးထားခဲ့ခြင်းပင်. . ....

ဖေမြင့်
(The Best of Bits & Piecces မှ Two Nickels and Five Pennies)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

မီးကျွမ်းသစ်ငုတ်

မီးကျွမ်းသစ်ငုတ်




သူငယ်ချင်း
မင်းသူ့ပေါ်မိုက်လည်း သူမမိုက်
အမိုက်တရား၊ သူရှောင်ရှား၏
သူကား သူ့ဘ၀၊ အလှအပနှင့်
ဝေငှကောင်းမှု၊ အစဉ်ပြု၏။

သူငယ်ချင်း
မင်းသူ့ကို တိုက်လည်း သူမတိုက်
စရိုက်ဖြူစင်၊ သူတော်စင်တို့
ကျင့်စဉ်တရား ၊စောင့်ထိန်းထား၏
အများမေတ္တာ၊ ခံယူပါ၏။

သူငယ်ချင်း
မင်းစိးပွားမှိုင်းတိုက် သူမလိုက်
သူလိုက်စားရာ၊ စာပညာတည့်
စာပေအနှစ်၊ စာအစစ်သည်
နှစ်ပေါင်းများစွာ၊ အဓွန့်ရှည်လာပါလိမ့်
စာနှင့်ရောင့်ရဲ၊ ပီတိမြဲ၏။

သူငယ်ချင်း
မင်းမှာဒေါသ၊ မီးတောက်ထဘိ
မင်းမှာမောဟ၊ မုန်တိုင်းထဘိ
မင်းမှာ လောဘ၊ ငလျင်ထဘိ
ဘ၀အမှားလမ်း၊ ဤသောင်ကမ်းတွင်
မီးကျွမ်းသစ်ငုတ်၊ ခိုးသားလုပ်၍
ငုတ်တုတ်လုပ်ရဲ အံ့ပေစွ။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ